ပင်လုံမှာ ကျား-မ တန်းတူရေး ဆွေးနွေးမယ်

Image caption တတိယအကြိမ် ပင်လုံညီလာခံ ဆွေးနွေးပွဲ ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုံလင်စွာတက်ရောက်

၆ ရက်တာ ကျင်းပမယ့် ၂၁ ရာစုပင်လုံ တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကျား-မ ဆိုင်ရာ တန်းတူညီမျှရေးကို ထည့်သွင်းဆွေးနွေးကြဖို့ရှိနေပါတယ်။

ကိုယ်စားပြုဆွေးနွေးမယ့်သူတွေ အနေနဲ့ စစ်မှန်တဲ့ ကျားမတန်းတူညီမျှရေးဆိုင်ရာ မူဝါဒတွေ ပေါ်ထွက် လာဖို့အထိ ဆွေးနွေးပေးဖို့ အမျိုးသမီးများ အဖွဲ့ချုပ် - မြန်မာနိုင်ငံ (WLB) နဲ့ ငြိမ်းချမ်းရေးအတွက် ကျားမ တန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP) က ပူးပေါင်းပြီး သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ ပါတယ်။

WLB အဖွဲ့နဲ့ AGIPP အဖွဲ့ဝင်တွေဟာ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံကို လေ့လာသူအနေနဲ့သာ တက်ရောက်ခွင့် ရခဲ့တာ ဖြစ်ပြီး ကျား-မ ဆိုင်ရာ တန်းတူညီမျှရေးကို ဆွေနွေးကြရာမှာ ပါဝင်ဆွေးနွေးခွင့် မရဘူးလို့ အဆိုပါအဖွဲ့တွေကပြောပါတယ်။

ဒါကြောင့် ကျား-မ ဆိုင်ရာ တန်းတူညီမျှရေးကို ကိုယ်စားပြု ဆွေးနွေးခွင့်ရကြတဲ့ ပါတီကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေနဲ့ တတ်သိပညာရှင်တွေကို မူဝါဒတွေပေါ်ထွက်လာဖို့ အထိ ဆွေးနွေးပေးဖို့ တောင်းဆိုရတာလို့ သူတို့တွေက ပြောပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ်မှာသာမက ကဏ္ဍအသီးသီးမှာလည်း အမျိုးသမီးကိုယ်စားပြုမှု မြင့်မားလာစေဖို့ အတွက် ကျား- မ တန်းတူရေးကို အာမခံတဲ့ မူဝါဒတွေ ထွက်ပေါ်လာဖို့ တိုက်တွန်းရတာ ဖြစ်တယ်လို့ AGIPP အဖွဲ့ဝင် မိကွန်ချမ်းနွန်က ဘီဘီစီကိုပြောပါတယ်။

နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေမှာလည်း အမျိုးသမီးတွေ ပါဝင်ခွင့်ဟာလည်း ကန့်သတ်ခံနေရဆဲဖြစ်တယ်လို့ WLB အဖွဲ့နဲ့ AGIPP အဖွဲ့တွေက ပြောပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံမှာလည်း တက်ရောက်ပါဝင်ခွင့်ရ အမျိုးသမီးဦးရေ ရာခိုင်နှုန်းဟာ တက်ရောက်ကြသူတွေရဲ့ ၁၀ ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ သူတို့တွေက ပြောပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ်- မြန်မာနိုင်ငံ (WLB) အဖွဲ့ဟာ တိုင်းရင်းသူအမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့နဲ့ ၁၉၉၉ ခုနှစ်ကတည်းက ဖွဲ့စည်းထားပြီး အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့ တဖွဲ့ ဖြစ်ပါတယ်။

အလားတူပဲ ငြိမ်းချမ်းရေးအတွက် ကျားမတန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP) ဟာလည်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ကွန်ရက် ၇ ဖွဲ့နဲ့ ၂၀၁၄ ခုနှစ်ကတည်းက ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တပ်မတော်ကပါ အမျိုးသမီးတွေအပေါ် အမြင်ပြောင်းစေချင်တယ်လို့ WLB အဖွဲ့ အထွေထွေအတွင်းရေးမှူး လွေးပိုးငယ်က ပြောပါတယ်။

လက်ရှိကျင်းပနေတဲ့ တတိယအကြိမ် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကျား-မ ဆိုင်ရာ တန်းတူညီမျှရေးကိုပါ ထည့်သွင်းဆွေးနွေးမှာဖြစ်ပေမယ့် အမျိုးသမီး ကိုယ်စားပြု တက်ရောက်ခွင့်ရသူ ဦးရေကတော့ တက်ရောက်လာဦးရေရဲ့ ၃၀ ရာခိုင်နှုန်း မရှိသေးဘူးလို့ အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ အဖွဲ့တချို့က ထောက်ပြပြောဆိုထားပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ