အဖွဲ့တွေများတော့ အချိန်ကြာတယ်လို့ ဒေါ်စုဆို

ဓာတ်ပုံ မူပိုင် EPA
Image caption ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံစဉ်မှာ NCA အပေါ် ထားရှိတဲ့ တချို့ သဘောထားတွေကို မြောက်ပိုင်း မဟာမိတ်အဖွဲ့ ခေါင်းဆောင် ဦးကျောက်ကော်အန်း တင်ပြခဲ့

တတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဆွေးနွေးပွဲတွေကို ဒုတိယနေ့အဖြစ် ဇူလိုင်လ ၁၂ရက်မှာ ဆက်လက် ကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲ တက်ရောက်လာ တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ FPNCC မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က နှစ်သုတ် ခွဲပြီး သီးသန့် တွေ့ဆုံ ခဲ့ပါတယ်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ ဖွဲ့ဖြစ်တဲ့ ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မိုင်းလားတပ်ဖွဲ့(NDAA)နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းလို့ အသိများတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP/SSA) တို့ကို တသုတ်၊ ကိုးကန့် (MNDAA) ၊ ရက္ခိုင့် တပ်မတော် (AA) နဲ့ တအာန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကို တသုတ်ခွဲပြီး ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခဲ့တာပါ။

အဖွဲ့ခေါင်းဆောင် ဦးကျောက်ကော်အန်း ဦးစီးပြီး NCA နိုင်ငံတဝန်း အပစ်အခတ် ရပ်စဲရေး သဘောတူချက်ပေါ် ထားရှိတဲ့ တချို့ သဘောထားတွေနဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ အရင်က ထုတ်ပြန်ထားတဲ့ စာတမ်းအပေါ် ဆက်ဆွေးနွေးချင်တဲ့အကြောင်း မြောက်ပိုင်း မဟာမိတ် အဖွဲ့ဘက်က တင်ပြခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သူ KIO ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။

ဆွေးနွေးပွဲတွေဟာ နောက်ပိုင်းမှာ သူ့အစီအစဉ်နဲ့သူ စနစ်တကျ သွားနေတဲ့ ပင်လုံ အစည်းအဝေးလို မဟုတ်ဘဲ တခြား အချိန်တခုမှာ ဆွေးနွေးသင့်တယ်လို့ သူတို့ဘက်က မှတ်ချက် ပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption မြောက်ပိုင်း မဟာမိတ် အဖွဲ့ အရင် ထုတ်ပြန်ထားတဲ့ စာတမ်းအပေါ် ဆက်ဆွေးနွေးလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့တယ်လို့ ဗိုလ်ချုပ် ဂွမ်မော်ပြော

မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်တွေကို အခုလို နှစ်သုတ်ခွဲတွေ့တာဟာ ၄ဖွဲ့ တသုတ်က bilateral လက်မှတ် ထိုးထားပြီး ကျန်တဲ့ ၃ဖွဲ့ အသုတ်က တပ်မတော်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ခုလို ခွဲတွေ့တာလို့ ယူဆနေကြကြောင်း၊ ဒါပေမယ့် မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေ အနေနဲ့ သူတို့ ဆွေးနွေးခဲ့တာတွေ အားလုံးကို အဖွဲ့ထံ ပြန်တင်ပြကြမယ် ဆိုတဲ့ နားလည် ယုံကြည်မှု ရှိနေတယ်လို့ ရခိုင်တပ်မတော် AA ရဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။

အဖွဲ့တွေ များနေတဲ့ အတွက် ပြောရ ဆိုရတာ အချိန်ကြာတဲ့ သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို ပြောခဲ့ရာမှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ဘက်ကလည်း ဘုံသဘော၊ ဘုံ ရပ်တည်ချက် ရှိထားပြီး ဖြစ်တာမို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ မူအတိုင်း အခု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ချိတ်ဆက်လိုက်ရင် ပိုမြန်ဆန်နိုင်မယ်လို့ သူတို့ဘက်က အကြံပြုခဲ့တယ်လို့ ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ