အမေရိကန်ရဲ့ ပြည်နှင်ဒဏ်ပေးခံရသူတွေကို လက်ခံရေး အခက်အခဲ ရှိနေ

Image caption အမေရိကန် လူဝင်မှု တင်းကြပ်နေ

အမေရိကန် နိုင်ငံက ပြည်နှင်ဒဏ် ပေးဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံသားတွေကို လက်ခံပေးဖို့ ပျက်ကွက်မှုနဲ့ မြန်မာနိုင်ငံ အပေါ် ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်ချက်တွေ အမေရိကန် အစိုးရက ချမှတ် ထားပါတယ်။

မြန်မာနဲ့ အတူ အိမ်နီးချင်း လာအိုနိုင်ငံလည်း အမေရိကန်ရဲ့ ပြည်ဝင်ခွင့် ဆိုင်ရာ ကန့်သတ်မှုတွေ ချမှတ် ခံရပါတယ်။

အမေရိကန် နိုင်ငံကနေ ဖယ်ရှားမယ်လို့ အမိန့်ချမှတ် ထားပြီး ဖြစ်တဲ့ သူတို့ရဲ့ နိုင်ငံသားတွေကို ပြန်လည် လက်ခံရေးအပေါ် မြန်မာနဲ့ လာအိုနိုင်ငံတွေဟာ ငြင်းဆန်တာမျိုး၊ ကြောင်းကျိုး မညီညွတ်ပဲ အချိန် ဆွဲတာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန် ပြည်တွင်းလုံခြုံရေးက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ဝန်ကြီးဌာန၊ တခါ ပြည်ထဲရေး ဝန်ကြီးဌာနတို့က ညွှန်ကြားရေးမှူးချုပ်နဲ့ အထက်အဆင့် အရာရှိကြီးတွေ၊ သူတို့ရဲ့ မိသားစုတွေကို အမေရိကန် နိုင်ငံထဲ လာရောက်ခွင့် အလုပ်ဗီဇာ၊ အလည်အပတ်ဗီဇာတွေ ထုတ်မပေးတော့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်က ပြည်နှင်ဒဏ်ပေးလိုက်တဲ့ မြန်မာနိုင်ငံသား ၁၆ ယောက်ကို လက်ခံ ခဲ့ပြီး၊ ကျန်သူတွေကို ဆက်လက် စိစစ်နေတုန်း အခုလို့ အမေရိကန်ဘက်က လုပ်ဆောင်လာတာ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးလှိုင်က ဘီဘီစီကို ပြောပါတယ်။

Image caption ပြည်နှင်ဒဏ် ပေးခံရသူတွေကို ပြန်လက်ခံရေး မြန်မာဘက်က ကြန့်ကြာနေတယ်လို့ အမေရိကန် ယူဆ

အမေရိကန်ဘက်က ပြန်ပို့မယ်လို့ စာရင်းပို့ထားတဲ့ ၄၇ ယောက် ထဲကနေ မြန်မာနိုင်ငံသား ဖြစ်ကြောင်း ၂၁ ယောက်ကို စိစစ် အတည်ပြု ထားနိုင်ပြီး ၁၆ ယောက်ကို ပြန်လည် လက်ခံခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ကျန်တဲ့သူတွေကိုလည်း မြန်မာနိုင်ငံသားတွေ ဟုတ်မဟုတ် ဆက်လက် စိစစ် နေခဲ့တယ် လို့လည်း ဦးဌေးလှိုင်က ပြောပါတယ်။

ပြည်နှင်ဒဏ် ပေးခံထိသူတွေထဲ တချို့ သူတို့ရဲ့ နောက်ကြောင်းဟာ ဥပမာ - ထိုင်းနိုင်ငံထဲ မြန်မာမိဘတွေကနေ မွေးဖွားပြီး ဒုက္ခသည် အဖြစ် အမေရိကန်ကို ရောက်သွားခဲ့သူတွေ ဆိုရင် သူတို့ကို မြန်မာနိုင်ငံသား မှန်ကန်ကြောင်း အတည်ပြု နိုင်ဖို့ရာ အခက်အခဲ ရှိတယ်လို့ မြန်မာ အစိုးရဘက်က ဆိုပါတယ်။

Image caption မိဘနဲ့ သားသမီး ခွဲပစ်တဲ့ အပေါ် အမေရိကန် ဝေဖန် ခံနေရ

အမေရိကန်နိုင်ငံထဲ ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုတွေ အပါအဝင် ရာဇဝတ်မှု တစုံတရာ ကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို အမေရိကန် အစိုးရက ပြည်နှင်ဒဏ် ပေးတာ ဖြစ်ပါတယ်။

ပြည်နှင်ဒဏ်ပေးခံရသူတွေကို ပြန်လက်ခံ မခံရေးမှာ မြန်မာ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အဆုံးအဖြတ်တွေလည်း ပါဝင် ပတ်သက်မှုတွေလည်း ရှိနေတယ် ဆိုတဲ့ အယူအဆနဲ့ အမေရိကန်ဘက်က ဝန်ကြီးဌာန နှစ်ခု အပေါ် ပစ်မှတ်ထားပြီး ကန့်သတ်မှုတွေ ချမှတ် လာတာ ဖြစ်ပါတယ်။

ဦးဌေးလှိုင်ကတော့ သူတို့ ဦးစီးဌာနတစ်ခုတည်းက တာဝန်ယူ စိစစ် ဆုံးဖြတ်တာ ဖြစ်တဲ့ အတွက် အားလုံးကို ရောပြီး ကန့်သတ်မှုတွေ ချမှတဲ့ အမေရိကန် အစိုးရရဲ့ လုပ်ရပ် အပေါ် ကလေးဆန်တယ်လို့ တုံ့ပြန် ဝေဖန် ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ