ဇူလိုင် ၁၃ ရက်မနက်ပိုင်း သိထားသင့်တဲ့သတင်းများ

Image caption ထိုင်းလူငယ်ဘောလုံးအသင်းနည်းပြ မြန်မာနိုင်ငံကရှမ်းလူမျိုး အေခ်ကဖိုးချာသာဝုန်းကို ထိုင်းအစိုးရက ထိုင်းနိုင်ငံသားမှတ်ပုံတင်ပေးဖို့ စီစဉ်နေတယ်

၁။ ထမ့်လွန်ဂူထဲမှာ နှစ်ပတ်ကျော်ပိတ်မိခဲ့ရာမှာပါဝင်ခဲ့တဲ့ ထိုင်းလူငယ်ဘောလုံးအသင်းနည်းပြ မြန်မာနိုင်ငံကရှမ်းလူမျိုး အေခ်ကဖိုးချာသာဝုန်းကို ထိုင်းအစိုးရက ထိုင်းနိုင်ငံသားမှတ်ပုံတင်ပေးဖို့ စီစဉ်နေတယ်လို့ သိရတယ်။

အသက် ၂၅ နှစ်အရွယ် အေခ်ကဖိုးဟာ ရှမ်းပြည်နယ်တာချီလိတ်မြို့မှာ နေထိုင်တဲ့ အဖွားဖြစ်သူကို စောင့်ရှောက်နေသူပြီး ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မယ်ဆိုင်မြို့က ဘုန်းကြီးကျောင်း တစ်ကျောင်းမှာလည်း လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေသူပါ။ ဒါ့အပြင် ထမ့်လွန်ဂူထဲမှာပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းရဲ့ အကူနည်းပြလည်း ဖြစ်ပါတယ်။

နည်းပြအေခ်ကဖိုးဟာ ထိုင်းကလေး ၁၂ ယောက်ကို အသက်မသေစေဘဲ ဘေးလွတ်ကင်းအောင် စောင့်ရှောက်နိုင်ခဲ့ ထိုင်းနိုင်ငံသား မှတ်ပုံတင်ပေးဖို့ စီစဉ်နေတာဖြစ်တယ်လို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Sanook က ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြောဆိုမှုကိုကိုးကားပြီး ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် WEIBO
Image caption တရုတ် စီချွမ်ပြည်နယ်မှာ ဓာတုစက်ရုံမီးလောင်ပေါက်ကွဲလို့ လူ ၁၉ ဦးသေဆုံး

၂။ တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ် စက်မှုဇုန်အတွင်း ပေါက်ကွဲမှုဖြစ်လို့ လူ ၁၉ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၂ ဦး ရှိတယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအရ သိရပါတယ်။ ဒီပေါက်ကွဲမှုက Yibin Hengda နည်းပညာပိုင် ဓာတုစက်ရုံမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး စက်ရုံရဲ့ ၃ ထပ် အဆောက်အအုံတစ်ခုလုံး ပြိုကျလောင်ကျွမ်းခဲ့တယ်လို့ ဒေသဆိုင်ရာ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ Yibin Hengda နည်းပညာပိုင်စက်ရုံဟာ အစားအသောက်နဲ့ ဆေးဝါးတွေမှာသုံးတဲ့ ဓာတုပစ္စည်းတွေကို ထုတ်လုပ်ပေးတဲ့ စက်ရုံလို့ တရုတ်အာဏာပိုင်တွေရဲ့ ပြောဆိုမှုကိုကိုးကားပြီး အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ခဲ့တဲ့အဖွဲ့ဝင်တွေ

၃။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မှာရှိတဲ့ ထမ့်လွန်ဂူအတွင်း သီတင်းနှစ်ပတ်ကျော် ပိတ်မိနေခဲ့တဲ့ ထိုင်းလူငယ်တွေနဲ့ သူတို့ရဲ့ဘောလုံးနည်းပြဆရာတို့ကို ပထမဆုံးရှာတွေ့ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ ဗြိတိန်နိုင်ငံသား ရေငုပ်ကျွမ်းကျင်သူဂျွန်ဗော်လသန်က သူနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ သူရဲကောင်းတွေ မဟုတ်ကြဘူးလို့ ပြောပါတယ်။

အချိန်နဲ့အမျှ အန္တရယ်လည်းရှိ ဆိုးရွားလာတဲ့ရာသီဥတုအခြေအနေတွေကို သုံးသပ်တွက်ချက်ပြီး ကလေးတွေနဲ့ နည်းပြကို အသက်ရှင်သန်စွာ ကယ်ဆယ်ခေါ်ဆောင်လာတာက သူတို့တွေရဲ့ အဓိကမစ်ရှင်ဖြစ်နေလို့ ဒီလိုလုပ်ဆောင်ခဲ့တာတွေကို သူရဲကောင်းတွေလို့ မသတ်မှတ်စေချင်ဘူးလို့ ဗြိတိန်နိုင်ငံ ဟီးသရိုးလေဆိပ်ကို ပြန်လည်ရောက်ရှိချိန်မှာပဲ ဂျွန်ဗော်လသန်က စောင့်ကြိုနေကြတဲ့ မီဒီယာတွေကို ပြောဆိုခဲ့တာပါ။ ကလေးအားလုံးနဲ့ နည်ပြဆရာတို့ကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့တာကိုတော့ ဝမ်းသာတယ်လို့ သူက မီဒီယာတွေကို ပြောပါတယ်။

၄။ ငလျင် ဘေးအန္တရာယ်ကြောင့် ထိခိုက်မှုတွေလျော့နည်းဖို့နဲ့ ရန်ကုန်မြို့မှာ ငလျင်ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ အလျင်အမြန်ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ဒုတိယအကြိမ် ငလျင်ဆိုင်ရာ ဖိုရမ်ကို ရန်ကုန်မြို့ ကြို့ကုန်းက ရန်ကုန်နည်းပညာ တက္ကသိုလ် (YTU) မှာ ဒီနေ့ကစတင်ပြီး ၂ ရက်ကြာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဖိုရမ်အပြီးမှာတော့ ဆွေးနွေးတွေ့ရှိချက် မှတ်တမ်းတွေကို တက်ရောက်လာသူတွေဆီ ဖြန့်ဝေငှသွားမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Facebook
Image caption တတိယအကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ

၅။ တတိယအကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံရဲ့ ၃ ရက်မြောက်ဆွေးနွေးပွဲတွေကို နေပြည်တော်မှာ ဆက်လက်ကျင်းပနေပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကဏ္ဍကြီး ၅ ရပ်ကို ညီလာခံကို တက်ရောက်လာကြတဲ့သူတွေက ဆွေးနွေးနေကြတယ်လို့လည်း သိရပါတယ်။