ရှမ်းတောင်တိုက်ပွဲ စစ်ရှောင်သူ တထောင်ကျော်ရှိ

ဓာတ်ပုံ မူပိုင် စိုင်းစံမိန်း
Image caption စစ်ရှောင်ပြည်သူတွေရဲ့ကျန်းမာရေးအတွက် မိုင်းကိုင်က အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ကူညီပေးနေ

၂၁ ရာစုပင်လုံ ညီလာခံရဲ့ တတိယအကြိမ် အစည်းအဝေး နေပြည်တော်မှာ ကျင်းပနေချိန်မှာပဲ ရှမ်းပြည်တောင်ပိုင်းမှာ တပ်မတော်နဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ တပ်ဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားလို့ မိုင်းကိုင်မြို့နယ်ထဲမှာ ဒေသခံ စစ်ဘေးရှောင် တထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။

ရှမ်းပြည်တောင်ပိုင်း ကျေးသီးနဲ့ မိုင်းကိုင်မြို့နယ်ထဲမှာ ဇူလိုင် ၉ ရက်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေအခုလို ဘေးလွတ်ရာ မိုင်းကိုင်မြို့နဲ့နီးတဲ့ ဟမ်ငိုင်းရွာဘက်ကို ထွက်ပြေး လာတာ ဖြစ်ပါတယ်။

ဒီဒေသမှာ တိုက်ပွဲမဖြစ်ဖူးတဲ့အတွက် ဒေသခံတွေဟာ ထိတ်လန့်ပြီး ဘာမှယူမလာနိုင်လို့ အကူအညီတွေလိုအပ်နေတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ် ဦးစိုင်းဝမ်းလိုင်းခမ်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် HEIN HTET
Image caption ပင်လုံ ညီလာခံ တတိယ အစည်းအဝေး နေပြည်တော်မှာ ကျင်းပနေ

အပစ်ရပ် RCSS တပ်တွေ ဆုတ်ခွာဖို့ စစ်တပ် သတိပေး

သူတို့တွေက တခါမှ မကြုံဖူးကြဘူးလို့ ထိတ်လန့်နေကြတယ်၊ လယ်တောထဲက ထထွက်ပြေးလာကြတာ၊ ဘာပစ္စည်းမှ ပါမလာကြဘူး၊ အိမ်ကိုလည်း ပြန်ချင်နေကြတယ်လို့ စိုင်းဝမ်းလိုင်းခမ်းက ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေရဲ့ကျန်းမာရေးအတွက် မိုင်းကိုင်က အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ကူညီပေးနေပေမယ့် ရေရှည်အတွက်ဆိုရင် အတော်လိုအပ်မယ်လို့ SNLD ရဲ့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption စခန်းတနေရာက ရှမ်းပြည်တောင်ပိုင်းတပ်သားတွေ

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ပြောခွင့်ရ ဒုဗိုလ်မှုးကြီး စိုင်းဦးက ၉ ရက်နေ့ကတည်းက စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်နေတာ၊ နှစ်ဘက်စလုံး အနည်းနဲ့အများ ထိခိုက်တယ်။ တိုက်ပွဲဖြစ်နေရတာဟာ NCA ကို ချိုးဖောက်နေသလိုဖြစ်တယ်လို့ ပြောပါတယ်။

နေပြည်တော်မှာ ပင်လုံညီလာခံအစည်းအဝေးတက်နေတဲ့ အာစီအက်စ်အက်စ်ခေါင်းဆောင်တွေ အနေနဲ့ အစိုးရနဲ့ စစ်တပ်ဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတယ်လို့လည်း သူက ပြောပါတယ်။

RCSS/SSA အတွက် သဘောတူညီမှုရ

RCSS/SSA အဖွဲ့ဟာ အရင်သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့အပြင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အန်စီအေ လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့လည်း ဖြစ်ပါတယ်။