အဓိကခေါင်းဆောင်တွေ ပိုအနီးကပ် ဆောင်ရွက်ရင် အောင်မြင်မယ်လို့ဒေါ်စုပြော

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption အပစ်ရပ်တိုင်းရင်းသား၁၀ ဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်လက်မှတ် ရေးထိုးထားပြီးသား တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ဇူလိုင်လ ၁၃ ရက်က တွေ့ဆုံခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး အတွက် အချိန်ဇယား ချမှတ် ဆောင်ရွက်ဖို့နဲ့ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ရေး နည်းလမ်းရှာရာမှာ အဓိကကျတဲ့ ခေါင်းဆောင်တွေ ပိုမို နီးနီး ကပ်ကပ် ဆောင်ရွက်ကြဖို့ ဆွေးနွေး ခဲ့ကြတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန် ထားပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ အပစ်ရပ် စာချုပ် လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသား အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဖဒို စောကွယ်ထူးဝင်း ကတော့ ညီလာခံ အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တဲ့ အခုနှစ် ၂၀၁၈ ကနေ ၂၀၂၀ ခုနှစ် အတွင်း ထပ်မံကျင်းပဖို့ ရည်မှန်းထားတဲ့ ငြိမ်းချမ်းရေး ညီလာခံတွေမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို အပြီးသတ် ချမှတ်သွားမယ် ဆိုတဲ့ ကိစ္စနဲ့ တခြား ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

အဖွဲ့တွေများတော့ အချိန်ကြာတယ်လို့ ဒေါ်စုဆို

တပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့ ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေး

ဓာတ်ပုံ မူပိုင် HEIN HTET
Image caption ညီလာခံမှာ တပ်ဘက်က ဝင်ဆွေးနွေး

ပြီးခဲ့တဲ့ တနှစ် အတွင်းမှာ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ခြင်း မရှိခဲ့လို့ အခြေခံမူတွေ ရဖို့ ဘယ်လို နည်းလမ်းရှာမလဲ၊ ဖက်ဒရယ်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တို့ ပါဝင်တဲ့ လုံခြုံရေး နဲ့ နိုင်ငံရေး ကိစ္စ၊ အောက်ခြေကနေ အပေါ်ကို အဆင့်ဆင့် တင်ပြတဲ့ အခုလက်ရှိသွားနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲ အနေအထား၊ လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားအရ အဓိကကျတဲ့ ခေါင်းဆောင်တွေက ဆွေးနွေးပြီး မူတွေ ချပေးလိုက်ရင် သင့်တော်မှုရှိမရှိ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ အားလုံး ပါဝင်လာနိုင်ရေး စတဲ့ အချက်တွေကို တိုင်းရင်းသားတွေ ဘက်က တင်ပြ ဆွေးနွေးခဲ့ကြတယ်လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီတင်ပြချက်တွေကို လက်ခံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အခက်အခဲတွေ ရှိပေမယ့် ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ စုပေါင်း အချိန်ယူ ဆွေးနွေးရင် ဖြစ်နိုင်တယ်လို့ ပြောကြောင်း ဖဒိုကွယ်ထူးဝင်းက ပြောပါတယ်။

အလွတ်သဘောပုံစံနဲ့ အဖြေရတဲ့အထိ လွတ်လွတ်လပ်လပ် ဆွေးနွေး၊ မူတွေ ချပြပြီး ဆက်လုပ်သွားဖို့ သဘောထား ရှိတယ်လို့လည်းဆိုပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ရော အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ခဲ့အပြီးမှာ အလွတ်သဘောဆွေးနွေးမှုတွေ ပိုလုပ်မယ်ဆိုတဲ့ နားလည်မှုတော့ ရှိတာတွေ့ရတယ်လို့ သူက ပြောပါတယ်။

အဲဒီ တွေ့ဆုံပွဲကို KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ RCSS က ဦးဘောင်ခေးနဲ့ ဦးစိုင်းငင်း၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်နဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ၊ ALP ဒုတိယ ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ CNF ဥက္ကဋ္ဌ ပူဇင်ကျုံး၊ DKBA က စောမူရှေး စသူတွေ တက်ရောက်ခဲ့ကြပါတယ်။