ဒုက္ခသည်လက်ခံရေး တကယ် စနိုင်တော့မလား

ဓာတ်ပုံ မူပိုင် AFP
Image caption ဒုက္ခသည် ပြန်လည်လက်ခံ နေရာချထားရေး လုပ်ငန်းစဉ်တွေကို မြန်မာဘက်က အရှိန်မြှင့် ဆောင်ရွက် နေတယ်လို့ဆို

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ပြန်လည်လက်ခံ နေရာချထားရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ မြန်မာအစိုးရ အကြား MOU နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးဖို့ ပြီးခဲ့တဲ့လက သဘောတူ ခဲ့အပြီး ကုလသမဂ္ဂ အဖွဲ့တွေနဲ့ မြန်မာ အစိုးရအကြား ပူးပေါင်း ဆောင်ရွက်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

MOU သဘောတူချက်ရဲ့ အဓိက ရည်ရွယ်ချက်က ဒုက္ခသည်တွေ ပြန်လည် လက်ခံရေးနဲ့ ပြန်လည် နေရာချထားရေးကို အမြန် စတင်နိုင်ပြီး အောင်မြင်စွာ ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ် အရင်က နှောင့်နှေးခဲ့ပေမယ့် အခုအခါ အိန္ဒိယ၊ ဂျပန်၊ တရုတ် စတဲ့ နိုင်ငံတွေအပြင် ကုလသမဂ္ဂကလည်း အတူ ပူးပေါင်းဆောင်ရွက်နေပြီမို့ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်တွေ မကြာခင် စနိုင်တော့မှာ ဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

အခုအခါ အောက်ခြေအထိ သွားရောက် ဆောင်ရွက်နိုင်မယ့် နည်းပညာပိုင်း ဆောင်ရွက်ရေး အဖွဲ့ တဖွဲ့ကို ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ ပူးပေါင်း ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Schraner Burgener ရခိုင်ပြည်နယ်ကို သွားရောက်ကြည့်ရှု

ပြန်လည် နေရာချထားရေး ဆောင်ရွက်ရာမှာ ကျန်းမာရေး၊ ပညာရေး အထောက်အပံ့တွေ ပေးနိုင်အောင်နဲ့ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးနိုင်အောင် စီမံကိန်းတွေ ချထားတယ်လို့ သိရပါတယ်။

Cash for work ဆိုတဲ့ စီမံကိန်းအရ အိမ်တွေ ဆောက်ရာမှာ ကုန်ကျငွေ ၃ပုံ ၁ပုံနဲ့ ပစ္စည်းတွေ အရင် ထုတ်ပေးမှာ ဖြစ်တယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

နေအိမ် ဆောက်လုပ်ရေး စီမံကိန်းနဲ့ ပတ်သက်လို့ မကြာခင် ရက်ပိုင်းမှာလည်း UN-Habitat နေရာချထားရေး ကုလသမဂ္ဂ အဖွဲ့နဲ့ အစိုးရ အကြား တရားဝင် ဆွေးနွေးပွဲတခု လုပ်ဖို့ စီစဉ်ထားပါတယ်။