ကုန်ကြမ်းရှားလို့ စက္ကူစက်ရုံတွေ နားထားရ

Image caption ခေတ်သစ် စက္ကူစက်ရုံမှာ ထုတ်လုပ်နေပုံ

ပြည်တွင်းက စက္ကူစက်ရုံ ၂၀ကျော် ဟာ ကုန်ကြမ်းရှားပါးလာတဲ့အတွက် လည်ပတ်နိုင်စွမ်းမရှိတော့လို့ ရပ်နားထားရပါတယ်။

ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ စက္ကူစက်ရုံတွေက အဓိက အသုံးပြုနေတဲ့ ပြန်သုံး စက္ကူနဲ့ ကဒ်ထူ ကုန်ကြမ်းတွေဟာ တရုတ်နဲ့ အိန္ဒိယက ဈေးကောင်းပေးပြီး ဝယ်နေတာကြောင့် ပြည်တွင်း ဈေးကွက်မှာ ဝယ်လို့ မရ သလောက် ဖြစ်လာတယ်လို့ စက္ကူစက်ရုံ ပိုင်ရှင်တွေ က ပြောပါတယ်။

ကုန်ကြမ်း ရှားပါးမှုဒဏ်ကို စက်ရုံ အကြီး အလတ် အသေး အကုန်လုံး ခံစားနေရတာ ဖြစ်ပြီး ငွေကြေး အင်အား တောင့်ခံနိုင်ခြင်းမရှိတဲ့ အသေးစားနဲ့ အလတ်စား စက္ကူစက်ရုံတွေကတော့ ရပ်နားထားရတယ်လို့ သူပိုင်တဲ့ စက်ရုံ ၂ရုံလုံး ကို ရပ်နားလိုက်ရတဲ့ လုပ်ငန်းရှင် ဦးညီညီအောင် က ဘီဘီစီကို ပြောပါတယ်။

Image caption နိုင်ငံခြားက စက်ရုံတရုံတွင် ထုတ်လုပ်ပြီး ဖြန့်ဖြူးဖို့ အဆင်သင့် ဖြစ်နေတဲ့ စက္ကူလိပ်များ

မြန်မာနိုင်ငံ ပျော့ဖတ်နှင့် စက္ကူ လုပ်ငန်းအသင်း (MPPIA) က ဒုဥက္ကဋ္ဌ ဦးကျော်မင်း ကလည်း ပြည်တွင်းက စက္ကူကုန်ကြမ်းတွေဟာ ပြည်ပကို တင်ပို့နေတာကြောင့် ကုန်ကြမ်း ဈေးမြင့်လာသလို ဝယ်ရ မလွယ်တော့တာကြောင့် ရန်ကုန်နဲ့ မန္တလေးတိုင်းက အပါအဝင် တနိုင်ငံလုံး အတိုင်းအတာနဲ့ စက္ကူ စက်ရုံ၂၀ လောက် ရပ်နားထားရတယ်လို့ ဆိုပါတယ်။

အခုလို စက်ရုံတွေ ရပ်နားလိုက်ရတဲ့အတွက် စက်ရုံအလိုက် အလုပ်သမားတွေလည်း အလုပ်လက်မဲ့တွေဖြစ်ကုန် ကြပါတယ်။

တချို့စက်ရုံတွေကတော့ အခြားလုပ်ငန်းတွေကို ပြောင်းလုပ်ပြီး အလုပ်သမားအချို့ကို အလုပ်ဆက် ပေးထားတာလည်း ရှိတယ်လို့ သိရပါတယ်။

အခုလို ပြည်တွင်းက အသေးစားအလတ်စားလုပ်ငန်းတွေရပ်ကုန်ရတဲ့အတွက် အစိုးရပိုင်းက အကူအညီ ပေးနိုင်ဖို့ လွန်ခဲ့တဲ့ ၈လကတည်းက ဒုတိယသမ္မတနဲ့ လုပ်ငန်းရှင်တွေတွေ့ဆုံပွဲမှာလည်း အသင်းအနေနဲ့ တင်ပြ ထားခဲ့ဖူးတယ်လို့ သိရပါတယ်။

Image caption ပြည်ပ စက္ကူစက်ရုံ တခု အတွင်း မြင်တွေ့ရပုံ

ဒါပေမယ့်လည်း စက်ရုံတွေ ရပ်နားရတဲ့အထိ ကုန်ကြမ်းတွေ ရှားလာတာကြောင့် ဖြေရှင်းနိုင်မဲ့ နည်းလမ်းတွေ ရှာဖွေဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ထပ်မံ တင်ပြသွားမယ်လို့ မြန်မာနိုင်ငံပျော့ဖတ်နှင့် စက္ကူ လုပ်ငန်း အသင်း (MPPIA) ကဒုဥက္ကဋ္ဌ ဦးကျော်မင်းက ဘီဘီစီကို ပြောပါတယ်။

စက္ကူ ကုန်ကြမ်း ရှားပါးမှု ပြသနာဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက စတင်နေတာဖြစ်ပြီး ဈေးကွက် ထဲမှာ စက္ကူကုန်ကြမ်း တပိသာကို ကျပ် ၁၀ဝကျော်ဝန်းကျင်ကနေ အခုအခါ ကျပ် ၃၀ဝကျော်အထိရှိ လာ တယ်လို့ သိရပါတယ်။

အခုလို ဖြစ်လာရတာဟာ တရုတ်နိုင်ငံမှာ ကုန်ကြမ်းတွေကို ပါမစ်နဲ့ ကန့်သတ်ထားပြီး ဈေးလည်း ကြီးတဲ့အပြင် ဈေးသက်သာတဲ့ ကုန်ကြမ်းတွေကို ရောင်းသလောက် အိမ်နီးချင်း နိုင်ငံတွေက ဒိုင်ခံ ၀ယ်နေတဲ့ အတွက် ဖြစ်တယ်လို့ မဏ္ဍိုင် စက္ကူစက်ရုံ ပိုင်ရှင်ဦးတင်မောင်ဦးက ဘီဘီစီကို ရှင်းပြခဲ့ ပါတယ်။

ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေကို မြုပ်နှံခွင့်ပြုမယ်

မြန်မာ့ စီးပွားရေး ဦးမော့ လာဖို့ ဗျူဟာချ ဆောင်ရွက်သင့်

ပြည်တွင်းမှာ တနေ့ကို တန်အနည်းငယ်ကနေ တန်လေးငါးဆယ်အထိ ကုန်ကြမ်းသုံးပြီး ထုတ်လုပ်တဲ့ စက္ကူစက်ရုံပေါင်း ရာနဲ့ချီရှိပြီး အများစုဟာ ကုန်ပစ္စည်း ထုပ်ပိုးတဲ့ ကက္ထူဖာ၊ တစ်ရှုး၊ ဗလာစာအုပ်၊ စက္ကူကြမ်း စတာတွေကို ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်မှာပဲ အဓိက ပြန်လည် ရောင်းချ နေတာဖြစ်ပါတယ်။

စက္ကူကုန်ကြမ်းက ဈေးမြှင့်လာပေမယ့် ပြည်တွင်းထုတ် စက္ကူကုန်ချောပစ္စည်းတွေဟာ ပြည်ပကဝင်လာတဲ့ ကုန်ချောကို အရည်အသွေး အားဖြင့် မယှဉ်နိုင်သလို ဈေးနှုန်းလည်း တန်းတူမရနိုင်ဘူးလို့ စက္ကူစက်ရုံ ပိုင်ရှင်တွေ ကပြောပါတယ်။

အစိုးရပိုင်းအနေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကို ပြည်ပထုတ်ကုန်ချောတွေကိုယှဉ်နိုင်ဖို့ နည်းပညာ အကူ အညီ ၊ ချေးငွေ ဒါတွေကို မပံ့ပိုးမကူညီနိုင်ဘူးဆိုရင်တော့ စက္ကူစက်ရုံတွေအနေနဲ့ ရေရှည်မှာ ရပ်တည်နိုင် စွမ်းရှိဖို့ မလွယ်လှဘူးလို့ စက္ကူစက်ရုံ ပိုင်ရှင်တွေက သုံးသပ် ပြောဆိုနေကြပါတယ်။