ဖားကန့်မှာ မြေစာပုံထပ်ပြိုလို့ လူအများအပြားသေဆုံး

ဓာတ်ပုံ မူပိုင် KoNgLat
Image caption ကျောက်တူးသမားတွေသာမက ဈေးလာရောင်းသူတွေလည်း ပါသွားခဲ့

ဇူလိုင်လ ၁၄ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ စိုင်းရာ ရွာသစ် အနီးမှာ နေ့လည်ပိုင်းက မြေစာပုံ ပြိုကျခဲ့တဲ့အတွက် ၁၄ ဦး သေဆုံးတယ်လို့ လုံးခင်း ရဲစခန်းက ဘီဘီစီကို ပြောပါတယ်။

အခုလို သေဆုံးသူတွေထဲမှာ ကျား ၁၃ ဦးနဲ့ မ ၁ ဦး ပါဝင်ပြီး ဒဏ်ရာရသူ ၅၀ ကျော်ရှိတယ်လို့ လုံးခင်းရဲစခန်းမှူးက ဆိုပေမယ့် ဒေသခံတွေကတော့ ၈၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။

အခုလို မြေစာပုံ ပြိုကျမှုဟာ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လည် ၂ နာရီ ပတ်ဝန်းကျင်မှာ ဖြစ်ခဲ့တာ ဖြစ်ပြီး ယခင် တရက်က မိုးရွာထားတဲ့ အရှိန်နဲ့ တခြားကျောက်မျက်တူးဖော်တဲ့ တွင်းတွေက မိုင်းခွဲမှုတွေရဲ့ အရှိန်တွေကြောင့် ပြိုကျခဲ့တာ ဖြစ်နိုင်တယ်လို့ ဒီလို ပြိုကျတဲ့ နေရာအနီးကို ရောက်ရှိနေတဲ့ Green Land သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တာဝန်ခံ ဦးနောင်လတ်က ဘီဘီစီကို ပြောပါတယ်။

အခုလို ပြိုကျရာမှာ ကျောက်တူးသမားတွေသာမက ဈေးလာရောင်းသူတွေလည်း ပါသွားခဲ့ပြီး ဒဏ်ရာရသူ ၃၅ ယောက်ကိုတော့ လုံးခင်းဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဦးနောင်လတ်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် KoNgLat
Image caption နောက်ထပ် လူ အယောက် ၅၀ လောက်လည်း ပြိုကျတဲ့ မြေစာတွေ အောက်မှာ ပိတ်မိနေနိုင်

နောက်ထပ် လူ အယောက် ၅၀ လောက်လည်း ပြိုကျတဲ့ မြေစာတွေ အောက်မှာ ပိတ်မိနေနိုင်ပြီး ဆက်လက် ရှာဖွေနေတယ်လို့လည်း သူက ပြောပါတယ်။

အခုလို ပြိုကျခဲ့တဲ့ မြေစာပုံဟာ တောက်ပကြယ်၊ တစ်သုံးလုံးနဲ့ မဟာအစ ပထမ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီတွေရဲ့ မြေစာပုံဟောင်းဖြစ်ပြီး ဆန်ခါ၊ စိုင်းရာရွာသစ်နဲ့ မဇွပ်ရန်ရွာတွေရဲ့ ကြားမှာ ရှိတာ ဖြစ်ပါတယ်။

အခုလို မြေစာပုံပြိုကျပြီး လူသေဆုံးမှုတွေ ဖြစ်နေတာကို ဖြေရှင်းပေးဖို့ လွှတ်တော်အတွင်းမှာ တောင်းဆိုမှုတွေ လုပ်ထားတယ်လို့ ဖားကန့်ရဲ့ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးဒါရှီလဆိုင်းက ဘီဘီစီကို ပြောပါတယ်။

ဖားကန့်ဒေသမှာ ကုမ္ပဏီတွေရဲ့ စည်းကမ်းမလိုက်နာပဲ မြေစာပုံတာတွေ၊ ရေမဆေးကျောက်ရှာသူတွေကလည်း ဘေးရန် သတိမထားနိုင်ပဲ နေထိုင် ရှာဖွေ နေတာတွေ ရှိတဲ့အပြင် လက်နက်ကိုင်တပ်ဖွဲ့တွေလည်း မျိုးစုံ ရှိနေတဲ့ အတွက် ဥပဒေမစိုးမိုးနိုင်သလို အုပ်ချုပ်သူတွေရဲ့ ကွင်းဆင်းဆောင်ရွက်မှုကလည်း အားနည်းတာတွေကြောင့် အခုလို လူသေဆုံးမှုတွေ ဖြစ်နေရတာလို့လည်း လွှတ်တော်အမတ်တွေနဲ့ ပတ်ဝန်းကျင်လေ့လာသူတွေက ဆိုပါတယ်။

၂၀၁၈ တနှစ်တည်းမှာပဲ အခုလို ၁၀ကြိမ်ထက်မနည်း မြေပြိုခဲ့လို့ လူ ၁၀ဝ နီးပါးလည်း သေဆုံးခဲ့ရပြီဖြစ်ပြီး ဒါတွေကို တားဆီးဖို့ မလုပ်နိုင်သေးဘူးဆိုရင် ဒီလို ဖြစ်ရပ်တွေ ဆက်ဖြစ်နေနိုင်သေးတယ်လို့ ဒေသခံတွေနဲ့ ပတ်ဝန်းကျင် လေ့လာသူတွေက ပြောပါတယ်။