ကြွေးမဆပ်နိုင်လို့ လယ်သမား ၆၃၉ ယောက်ကိုယ့်ကိုယ်ကိုယ်သတ်သေ

ဓာတ်ပုံ မူပိုင် EPA
Image caption နှစ်ပေါင်း ၂၀ အတွင်း ကြွေးမဆပ်နိုင်တဲ့ လယ်သမားတွေ ၃ သိန်းကျော် ကိုယ့်ကိုယ့်ကိုယ် သတ်သေခဲ့

အိန္ဒိယနိုင်ငံ မဟာ ရတ်ရှ်ထရာ ပြည်နယ်မှာ မတ်လကနေ မေလ အထိ ၃ လအတွင်းမှာ လယ်သမား ၆၃၉ ယောက်ဟာ ကိုယ့်ကိုယ့်ကိုယ် သတ်သေခဲ့ကြတာဖြစ်ပါတယ်။ အကြောင်းကတော့ ရာသီဥတုမမှန်တဲ့အတွက် သီးနှံမအောင်မြင်ဘဲ ဆုံးရှုံးလို့၊ ဘဏ်ကချေးထားတဲ့ အကြွေးမဆပ်နိုင်လို့ဖြစ်ပါတယ်။

ဒါကို အတည်ပြုပြောကြားသွားတာက ပြည်နယ်ရဲ့ အခွန်ဝန်ကြီး ချန်ဒရာခန့် ပတ်တေးလ် ဖြစ်ပါတယ်။ ဥပဒေပြုကောင်စီမှာ အတိုက်အခံခေါင်းဆောင်တွေက မေးကြတာကို သောကြာနေ့က ပြန်လည်ဖြေကြား အတည်ပြုခဲ့တာဖြစ်ပါတယ်။

သူဖြေကြားခဲ့ရာမှာ ၂၀၁၈ ခုနှစ် မတ်လ ၁ ရက်ကနေ မေလ ၃၁ ရက်အတွင်း ၃ လတာ ကာလမှာ လယ်သမား ၆၃၉ ယောက်ဟာကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်။ အဲဒီ ၆၃၉ ယောက်အနက်မှာ ၁၈၈ ယောက်ဟာ အစိုးရရဲ့ လျော်ကြေးခံစားထိုက်သူတွေဖြစ်တယ်။ အစိုးရကသတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေအရ၊ သီးနှံပျက်စီးမှု၊ အကြွေးထူပြောမှု၊ ဘဏ်ကြွေး ပြန်မဆက်နိုင်မှုခေါင်းစဉ်တွေထဲမှာ အကျုံးဝင်တဲ့အတွက် သူတို့ကို လျော်ကြေးပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ၁၈၈ ယောက်အနက်မှာ ၁၇၄ ယောက်ကို လျော်ကြေးပေးပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ ၁၂၂ ယောက်ကတော့ လျော်ကြေးခံစားခွင့်နဲ့ မကိုက်ညီဘူးလို့ သူကပြောပါတယ်။ ၃၂၉ ယောက်ကိုတော့ စစ်ဆေးဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။

အတိုက်အခံ အမတ်တွေက ပြီးခဲ့တဲ့ ၃ လအတွင်း မိမိကိုယ်ကိုယ် သတ်သေသူလယ်သမားအရေအတွက်ဘယ်လောက်ရှိသလဲ၊ အဲဒီလူတွေ အတွက် အစိုးရဘာလုပ်ပေးသလဲ၊ လျော်ကြေးဘယ်လောက်ပေးပြီးပြီလဲဆိုတဲ့ မေးခွန်းတွေကို မေးခဲ့တဲ့ အတွက်ပြန်လည် ဖြေကြားသွားတာဖြစ်ပါတယ်။

အတိုက်အခံခေါင်းဆောင် ဒါနန်ဂျေ မွန်ဒီ က အစိုးရရဲ့ ချေးငွ အစီအစဉ်၊ လယ်သမားတွေ သီးနှံပျက်စီးဆုံးရှုံးရင် လျော်ကြေးပေးတဲ့ အစီအစဉ်၊ လယ်ယာ ထွက်သီးနှံတွေအတွက် ဘအနိမ့်ဆုံးစျေးနှုန်းသတ်မှတ်တဲ့ အစီအစဉ်တွေ အားလုံး တခုမှ မအောင်မြင်ဘူးဆိုတာကို အခုလယ်သမားတွေ သတ်သေမှုတွေက သက်သေပြနေတယ်လို့ ဆိုပါတယ်။

စပါးစျေးကျ၊ လယ်သမား အကျပ်တွေ့

စိန်ခေါ်ချက်တွေရှိနေတဲ့ အိန္ဒိယ တောင်သူများ

ဓာတ်ပုံ မူပိုင် EPA
Image caption အစိုးရဆီကငွေချေးယူတာလည်းရှိ၊ ပြင်ပက အတိုးကြီးနဲ့ ချေးယူတာလည်းရှိသလို လယ်ပေါင်နှံတာတွေလည်းရှိကြ

ပြီးခဲ့တဲ့ တနှစ်အတွင်းမှာတွင် လယ်သမားတွေကိုယ့်ကိုယ်ကိုယ် သတ်သေတာ ၁၅၀၀ ရှိပါတယ်။ ပြီးခဲ့တဲ့ လေးနှစ်အတွင်းမှာဆိုရင် ၁ သောင်း ၃ ထောင်အထိရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ လယ်သမားအရေအတွက်ဟာ ၃ သိန်းအထိရှိတယ်လို့ တရားဝင် ကိန်းဂဏန်းတွေက ဖော်ပြထားပါတယ်။

မဟာ ရတ်ရှ်ထရာ ပြည်နယ်ရဲ့ ခရိုင် ၈ ခုမှာ မိုးခေါင်ရေရှားမှုနဲ့ ကြုံတွေ့ရမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက အစိုးရက ကြေညာထားတယ်လို့လည်း ဘဏ္ဍာရေးဝန်ကြီး ပတ်တေးလ်က ဆိုပါတယ်။ မိုးခေါင်ရေရှားမှုဟာ ဒီနှစ် ဧပြီလမှာ အလယ်အလတ်အဆင့်ထိ ဆိုးလိမ့်မယ်လို့ ကြေညာထားကြောင်းပြောပါတယ်။ မေလ ၂၉ ရက်နေ့မှာတော့ မိုးခေါင်မှု ဒဏ်ခံစားရမယ့် ဧရိယာပမာဏကို ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ဒီဗန်ဒရာ ဖတ်နာဗစ်စ် ကတော့ လယ်သမားတွေက ပြင်ပ ငွေတိုးချေးသူတွေထံမှာ ပေါင်နှံထားကြရတဲ့ လယ်မြေတွေကို ပြန်လည် ရွေးယူနိုင် အောင် အစိုးရက အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။

လယ်သမားတွေဟာ အစိုးရဆီက ချေးငွေယူကြတဲ့အပြင် ပြင်ပပုဂ္ဂလိကတွေဆီကလည်း အတိုးကြီးကြီးပေးပြီး ငွေချေးယူတာတွေရှိသလို လယ်တွေယာတွေကို ပေါင်နှံကြတာတွေလည်း ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ