ညီလာခံ အကြိမ် ၁၀၀ ကျင်းပနေလည်း ပြည်ထောင်စု ဖြစ်လာမှာမဟုတ်

ဓာတ်ပုံ မူပိုင် KnIc
Image caption နေပြည်တော်ရောက် ကရင်နီ ကေအန်ပီပီ ကိုယ်စားလှယ်အဖွဲ့

လက်ရှိကျင်းပနေတဲ့ ၂၁ ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တတိယအကြိမ် ဆွေးနွေးမှုတွေအတိုင်းသာ ရှေ့ဆက်ကျင်းပနေမယ်ဆိုရင် နောက်ထပ် ညီလာခံ အကြိမ် ၁၀၀ ကျင်းပနေလည်း ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ ညီလာခံကို တက်ရောက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောပါတယ်။

နိုင်ငံရေးပြုပြင်ပြောင်းလဲဖို့ အရေးကြီးတဲ့ ညီလာခံကို အစုအဖွဲ့တွေအကြား ဆွေးနွေးမှုတွေမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် ကျား ၊မ တန်းတူရေးရာလောက်ကိုသာ ဆွေးနွေးရတယ်ဆိုတဲ့ ကိစ္စက တော်တော်လေးကို အားရစရာမရှိဘူး။ တာဝန်ရှိသူတွေကတော့ အခက်အခဲတွေကြောင့် ဒီလိုဖြစ်တယ်ပြောတော့ ဒီအတိုင်းပဲ ဆက်သွားနေရင် ပြောဆိုနေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ဖို့က ညီလာခံပေါင်း ၁၀၀ ဆက်လုပ်လည်း ဖြစ်လာမှာ မဟုတ်ဘူးလို့ နေပြည်တော်မှာ ကျင်းပနေတဲ့ ၂၁ ပင်လုံ အစည်းအဝေးတွေကို လာတက်နေတဲ့ ကေအန်ပီပီမှ ဦးရွှေမျိုးသန့်က ပြောပါတယ်။

အရေးကြီတဲ့ အခန်းကဏ္ဍတွေဖြစ်တဲ့ ဒီတိုင်းပြည်ကို ဘယ်လို နိုင်ငံရေးစနစ်ကျင့်သုံးမှာလဲ အစိုးရစနစ်က ဘယ်လိုလဲ ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြား ဘယ်လို အာဏာခွဲဝေမလဲ ၊ နိုင်ငံသားကို ဘယ်လိုသတ်မှတ်မလဲ လူနည်းစု တိုင်းရင်းသား ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက် စတဲ့ အချက်တွေကို အရင်ဆွေးနွေး သဘောတူညီချက် ရယူပြီးမှ နောက်ဆက်တွဲ အချက်တွေကို ဆွေးနွေးရင် ပိုပြီး ပြေလည်လာနိုင်မယ်လို့ အန်စီအေ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ဖြစ်တဲ့ ကေအန်ပီပီ ဘက်က ပြောပါတယ်။

'ဒေါ်အောင်ဆန်းစုကြည်မှန်းထားတဲ့ နောက် ၃ ကြိမ်မှာ ဖက်ဒရယ်အခြေခံမူတွေ ချမှတ်နိုင်ဖို့ဆိုတာ ကျွန်တော်တော့ မထင်ပါဘူး။ တနှစ်လောက် ပြင်လာတဲ့ ညီလာခံမျိုးမှာပင် နိုင်ငံရေးမှာ ကျားမ တန်းတူရေးလောက်သာ ဆွေးနွေးနိုင်တော့ နိုင်ငံပြုပြင်ပြောင်းလဲရေးကို မြင်ချင်သူတွေအတွက် အားရ ကျေနပ်စရာအနေထားမဟုတ်ပါဘူး။ ' လို့ ဦးရွှေမျိုးသန့်က ပြောပါတယ်။

ကေအန်ပီပီဟာ အန်စီအေ အပစ်ရပ်လက်မှတ်မထိုးထားပေမယ့် ၂၁ ပင်လုံရဲ့ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့အလိုက် အစည်းအဝေးတွေမှာ ပါဝင်ဆွေးနွေးနေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနစ်တုန်းကလုပ်ခဲ့တဲ့ ၂၁ ပင်လုံ ဒုတိယအကြိမ်မှာတော့ ဆွေးနွေးခွင့်မရတာကို အကြောင်းပြုပြီး ကေအန်ပီပီဟာ ညီလာခံကို တက်ရောက်တာ မရှိခဲ့ပါဘူး။

အခုလို ညီလာခံတက်ရောက်ခဲ့ပေမယ့် အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးဖို့ ကိစ္စကတော့ ဆက်ဆွေးနွေးရဦးမယ့်ကိစ္စဖြစ်ပြီး နှစ်ဘက် ယုံကြည်မှု တည်ဆောက်နိုင်မှုနဲ့ နိုင်ငံရေးအရ တိုးတက်မှုတွေအပေါ် မူတည်တယ်လို့ ဦးရွှေမျိုးသန့်က ပြောပါတယ်။

၂၁ ရာစုပင်လုံညီလာခံ ရဲ့ တတိယအကြိမ် အစည်းအဝေး ကျင်းပလာတာ ဇူလိုင်လ ၁၄ ရက်နေ့ စနေနေ့မှာ ၄ ရက်မြောက် ရှိလာပေမယ့်လည်း နိုင်ငံရေး ကဏ္ဍမှာ သဘောတူညီမှုတွေ မရသေးပါဘူး။

နိုင်ငံရေးကဏ္ဍ ကို ဆွေးနွေးကြတယ်ဆိုရာမှာလည်း ကျားမ တန်းတူညီမျှရေး ဆိုတဲ့ ခေါင်းစဉ် တခုကိုသာ ဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။