ငြိမ်းချမ်းရေးမှာ ကူညီသလို မွတ်ဆလင် တွေကိုလည်း ဂျပန်ကူညီနေ

ဓာတ်ပုံ မူပိုင် Senior general Min Aung Hlaing Facebook
Image caption တပ်ချုပ်နဲ့ တွေ့ဆုံခဲ့တဲ့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါ

မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ကူညီနေတဲ့ နီပွန်ဖောင်ဒေးရှင်းအနေနဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေကိုလည်း လူသားချင်း စာနာမှုအရ ကူညီနေသလို ဆက်လက်ကူညီဖို့ ရှိနေတယ်လို့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါက ဘီဘီစီကို ပြောပါတယ်။

ဂျပန်အစိုးရဲ့ အကူညီပေးရေးအဖွဲ့အစည်းဖြစ်တဲ့ နီပွန်ဖောင်ဒေးရှင်းအနေနဲ့ ရခိုင်ဒေသမှာ စာသင်ကျောင်းပေါင်း ၁၀၀ ကို တည်ဆောက်ပေးခဲ့ပြီး အဲဒီထဲက ၁၀ ကျောင်းဟာ ရခိုင်နဲ့ မွတ်ဆလင်တွေ အတူတကွ တက်ရောက် ပညာသင်ကြားနေတဲ့ စာသင်ကျောင်းတွေဖြစ်တယ်လို့လည်း နေပြည်တော်ကို လာရောက်ခဲ့တဲ့ မစ္စတာ ဆာဆာကာဝါက ပြောပါတယ်။

မွတ်ဆလင်လူနည်းစုအရေးကတော့ ကျွန်တော်တို့အနေနဲ့ သတိထားပြီး တာဝန်သိမှုရှိရှိနဲ့ ကူညီဆောင်ရွက်နေသလို ဆက်ပြီးလည်း ကူညီဦးမှာပါ လို့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌက ပြောပါတယ်။

မွတ်ဆလင်တွေ အမျိုးသားနိုင်ငံတည်ဆောက်ရေးဖြစ်စဉ် Nation Building မှာ ပါဝင်သင့် မပါဝင်သင့် ဆိုတဲ့ကိစ္စကတော့ နိုင်ငံတွေအလိုက် မတူညီမှု သမိုင်းကြောင်းတွေ ယဉ်ကျေးမှုတွေ ရှိကြောင်းနဲ့ ဒီမိုကရေစီ ပြောင်းလဲရေးမှာ အာရပ်နွေဦးလိုပဲ လူတွေအများကြီးမျှော်လင့်ချက်ထားပြီး ဒီမိုကရေစီ ကူးပြောင်းရေးမအောင်မြင်တာတွေလည်း ရှိတတ်တဲ့အတွက် ဂျပန်အနေနဲ့ ရခိုင်အကျပ်အတည်းအပေါ် အလွန်ပဲ သတိထားတယ်လို့ ဂျပန်အစိုးရက ခန့်အပ်ထားတဲ့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါက ဇူလိုင် ၁၁ နေပြည်တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ညီလာခံကို လာတက်စဉ် ပြောပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးမှာ အကူညီပေးနေတဲ့ နီပွန်ဖောင်ဒေးရှင်းဟာ အပစ်ရပ် တိုင်းရင်းသားဒေသတွေဖြစ်တဲ့ မွန် ၊ ကရင် ၊ ရှမ်းတောင် တို့လို ဒေသတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ စားနပ်ရိက္ခာအတွက် အကူအညီပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးက ညှင်ညှင်သာသာနဲ့ သွားနေတဲ့ မြန်မာနိုင်ငံမှာ အပစ်ရပ်ဒေသတွေမှာ ပဋိပက္ခလျှော့ချနိုင်သလို ပဋိပက္ခဖြစ်ပွားမှုများတဲ့ မြောက်ပိုင်းဒေသတွေမှာလည်း ပဋိပက္ခတွေတွေ လျော့ကျစေချင်ကြောင်းနဲ့ တရုတ်အစီအစဉ်နဲ့ မြောက်ပိုင်း လက်နက်ကိုင် ၇ ဖွဲ့ဟာ ၂၁ ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို လာတက်တာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အပစ်မရပ်သေးတဲ့အဖွဲ့တွေအနေနဲ့ ပူးပေါင်းပါဝင်မှု စတင်တာလို့ ပြောချင်တာ ဖြစ်ကြောင်းလည်း ၂၁ ပင်လုံ ဖွင့်ပွဲကို လာတက်ခဲ့တဲ့ ဆာဆာ ကာဝါက ပြောပါတယ်။

နေပြည်တော် ၂၁ ပင်လုံ ဖွင့်ပွဲ အခမ်းအနားကို လာတက်တဲ့ မစ္စတာ ဆာဆာကာဝါဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေက စစ်ဘေးရှောင်တွေ အရေးအပါအဝင် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက်လည်း နီပွန်ဖောင်ဒေးရှင်းက ကူညီဖို့ အသင့်ရှိပါတယ် လို့ မစ္စတာ ဆာဆာကာဝါက ပြောပါတယ်။

နီပွန်က မြန်မာ့ငြိမ်းချမ်းရေးအတွက် စားနပ်ရိက္ခာအစီအစဉ်တွေ ကူညီတယ်ဆိုပေမယ့် လက်ရှိအချိန်အထိ မြောက်ပိုင်းက ကချင် စစ်ဘေးရှောင်စခန်းတွေက သူတို့အကူညီကို ရတာ မရှိသလောက်နည်းနေတယ် သူတို့အဓိကထားတာဟာ အပစ်ရပ်ဒေသတွေသာ ဖြစ်တယ် လို့လည်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောပါတယ်။

#ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး

တပ်ချုပ်နဲ့ တွေ့ဆုံခဲ့တဲ့ နီပွန်ဖောင်ဒေးရှင် ဥက္ကဌ မစ္စတာ ဆာဆာကာဝါ

ဆက်စပ် အကြောင်းအရာများ