ရခိုင်မှာ တာတမံကျိုးလို့ လယ် ဧက ၆၀၀ ကျော် ရေမြုပ်
ရခိုင်ပြည်နယ် မှာ ပြီးခဲ့တဲ့ ရက်တွေ အတွင်း မိုးအဆက်မပြတ် ရွာသွန်း ခဲ့လို့ ပုဏ္ဏား ကျွန်း မြို့နယ် က သိန်းပေါင်း ၂ထောင့် ခုနှစ်ရာကျော် အကုန် အကျ ခံ တည်ဆောက် ခဲ့တဲ့ တာတမံ ကျိုးပေါက် သွားခဲ့ပါတယ်။
လယ်မြေ တွေကို ရေလွှမ်းနေတာကြောင့် စိုက်ပျိုးရေး မလုပ် နိုင် ဖြစ်နေရပြီး လယ်သမား တွေဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။
ရခိုင်ပြည်နယ်ဟာ ပင်လယ်ကမ်းရိုးတန်းဒေသမှာ တည်ရှိပြီး မြစ်ချောင်းတွေ ပိုများတဲ့ အတွက် လယ်ယာစိုက်ပျိုးမြေတွေကို ဆားငံရေတွေ မဝင်နိုင်အောင် တာတမံတွေကို ဆည်ဖို့ပြီး ကာကွယ်ထားရပါတယ်။
- ဦးမောင်မောင်အုန်းဆီက ဧက ၂၀၀ ပြန်သိမ်း
- ရခိုင် အစိုးရ ဘတ်ဂျက် တင်ပြမှု လွှတ်တော် ပယ်ချ
- ရခိုင် မေယုတောင်တန်းမှာ လမ်းသစ် ၂ခုဖောက်မယ်
အခုလို ကာကွယ်ထားတဲ့ အထဲက ပု ပုဏ္ဏားကျွန်း မြို့နယ် သင်ပုန်း ချောင်း အုပ်စုက ငါးပိထုပ် တာတမံဟာ ကျိုးပေါက်သွားခဲ့တဲ့အတွက် လယ်သမား ၁၀၀ နီးပါး ဟာ လယ်မလုပ်ရကြဘဲ ဖြစ်နေပါတယ်။
လက်ရှိ အချိန်မှာ လယ်ဧက ၆၀၀ ကျော် ဆုံးရှုံး နစ်နာ ခဲ့ရကြောင်း လယ်သမား ဦးမောင်ဖြူသီး က ဘီဘီစီကို ပြောပါတယ်။
အခု ကျိုးပေါက်သွားတဲ့ နေရာဟာ ငပိထုပ် တာတမံဟာ ပေပေါင်း ၁၈၆၀၀ အရှည်ရှိပြီး ပေါက်တူးပေါက်ချောင်းပေါ်က ပေ ၅၀ အရှည်တစ်ပေါက်နဲ့ ပေ ၂၀ တစ်ပေါက်တို့ ကျိုးပေါက်သွားခဲ့တယ်လို့ သိရပါတယ်။
ဒီတာတမံကို ဒီနှစ်နွေတုန်းကမှ ကျပ်ငွေ သိန်းပေါင်း ၂၇၀၀ လောက်နဲ့ သန္တာမြေ ကုမ္ပဏီက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
အခုလို အခက်အခဲဖြစ်နေတာကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို ရော စိုက်ပျိုးရေးနဲ့ မွေးမြူရေး ဝန်ကြီးအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေကို ဇူလိုင်လ ၃ ရက်နေ့ မှာ လယ်သမားတွေ ကိုယ်တိုင်သွားပြီး တင်ပြပေမယ့် အကြောင်းမထူးသေးဘူးလို့ ပြောပါတယ်။
ငါးပိထုပ် တာတမံ စီမံကိန်း မှာ ငွေရေး ကြေးရေး အခြေအနေ အရ ပြည့်စုံအောင် ဆောင်ရွက် ပေးနိုင်ခြင်း မရှိခဲ့ဘဲ၊ ပေ ၆၀၀၀ ကျော် လောက် ဟာ လုပ်ငန်း ပြီးပြည့်စုံအောင် မလုပ် နိုင်ခဲ့ကြောင်း ပြည်နယ် စိုက်ပျိုးရေးနဲ့ မွေးမြူရေး၊ သတ္တုဝန်ကြီးဌာန ဝန်ကြီး ဦးကျော်လွင် က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း နောက်ထပ် ပျက်စီးနေတဲ့ တာတမံတစ်ခုကတော့ ကျောက်ဖြူမြို့နယ် မဒဲကျွန်း ကျောက်တန်းတာတမံဖြစ်ပြီး သိန်းပေါင်း ၄၀၀၀ နဲ့ အကုန်အကျခံ တည်ဆောက်ခဲ့ပေမယ့် အခုအချိန်မှာ ဒီရေဝင်တွေ ဝင်ရောက်နေတာကြောင့် ဧက ရာနဲချီပြီး ရေနစ်မြုပ်နေပါတယ်။
ဒီလို တာတမံတွေ ပျက်စီးနေရတာဟာ စနစ်တကျ နဲ့ သေသေချာချာ မတည် ဆောက် ခဲ့တာကြောင့် ဖြစ်တယ်လို့ ဒေသခံ တောင်သူတွေက ပြောဆိုကြပါတယ်။