ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးဟာ မြန်မာအတွက် သက်ရောက်မှု ရှိစေမှာဖြစ်

ဓာတ်ပုံ မူပိုင် Korea Embassy
Image caption အရှေ့တောင် အာရှနိုင်ငံတွေက ဒေသတွင်းနဲ့ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးအဖွဲ့တွေနဲ့ တောင်ကိုရီးယားနိုင်ငံတို့အကြားပူးတွဲပြီး ကိုရီးယားကျွန်းဆွယ်အရေးဆွေးနွေးပွဲကို ရန်ကုန်မှာ ဇူလိုင် ၁၆ ရက်နေ့မှာ ကျင်းပနေ

ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေဟာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတဲ့ မြန်မာလို အာရှနိုင်ငံအတွက် အကျိုးဖြစ်ထွန်း သက်ရောက်မှု ရှိစေမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီယား သံအမတ် မစ္စတာ လီဆန်ဟွာ က ပြောပါတယ်။

တောင်ကိုရီးယားရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေဟာ လျင်မြန်စွာ အပြောင်းအလဲ ဖြစ်နေမှုနဲ့ တည်ငြိမ်မှုနဲ့ အေးချမ်းမှုဟာ နိုင်ငံတကာ အသိုင်းအဝန်းကို ဘယ်လို အကျိုးဖြစ်စေမလဲဆိုတာ ကို ပြန်လည်မျှဝေပေးဖို့ ကျွန်တော့်မှာ တာဝန်ရှိတဲ့အတွက် ကိုရီးယားကျွန်းဆွယ်ရဲ့ နောက်ဆုံးအခြေအနေတွေကို ချပြဖို့ အရှေ့တောင်အာရှဒေသမှာ မဟာဗျူဟာအရ အရေးပါတဲ့ မြန်မာလို နိုင်ငံမှာ ဒီလို အခမ်းအနားမျိုး ကျင်းပဖို့ စီစဉ်ရတာ ဖြစ်တယ်လို့ မစ္စတာ လီဆန်ဟွာ က ပြောပါတယ်။

အရှေ့တောင် အာရှနိုင်ငံတွေက ဒေသတွင်းနဲ့ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးအဖွဲ့တွေနဲ့ တောင်ကိုရီးယားနိုင်ငံတို့အကြားပူးတွဲပြီး ကိုရီးယားကျွန်းဆွယ်အရေးဆွေးနွေးပွဲကို ရန်ကုန်မှာ ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့မှာ ကျင်းပနေတာပါ။

အရှေ့မြောက်အာရှဒေသဖြစ်တဲ့ ကိုရီးယားကျွန်းဆွယ်မှာ ထာဝရ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်ခဲ့မယ်ဆိုရင် အဲဒီကိစ္စဟာ အရှေ့တောင်အာရှဒေသကိုလည်း ဒီရေလှိုင်းရိုက်ခတ်သလို အကျိုးသက်ရောက်မှု ဖြစ်လာပါစေလိမ့်မယ်။ တင်းမာမှုတွေကို ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ဒီကိစ္စဟာ ဒေသတွင်းနိုင်ငံတွေကို ပျံ့နှံ့လွှမ်းမိုးမှုတွေ ဖြစ်လာပါစေလိမ့်မယ်လို့လည်း မစ္စတာ လီက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Korea Embassy
Image caption ရန်ကုန်မှာလုပ်တဲ့ ကိုရီးယားကျွန်းဆွယ်အရေးဆွေးနွေးပွဲ

ကိုရီယားကျွန်းဆွယ်မှာ ဆယ်စုနှစ်များစွာ တင်းမာမှုတွေ ရှိခဲ့သလို ဒီမှာလည်း နှစ် ၇၀ လောက် ပဋိပက္ခတွေ တင်းမာမှုတွေရှိနေပါတယ် လို့လည်း မစ္စတာ လီဆန်ဟွာ က ပြောပါတယ်။

မြန်မာမှာ အရေးကြီးတဲ့ တတိယအကြိမ်မြောက် ငြိမ်းချမ်းရေး ညီလာခံကို အဆုံးသတ်တဲ့ နေ့မှာပဲ ရန်ကုန်မှာ ကိုရီးယားကျွန်းဆွယ်အရေးဆိုင်ရာ မဟာဗျူဟာ လေ့လာမှုဆိုင်ရာ မျှဝေ ဆွေးနွေးပွဲကို ကျင်းပနိုင်ခဲ့တာ ဖြစ်တဲ့အကြောင်းလည်း မစ္စတာလီဆန်ဟွာ က ပြောပါတယ်။

ကိုရီယားနှစ်နိုင်ငံ သမိုင်းဝင်ဆွေးနွေးပွဲအပါအဝင် ထရမ့်နဲ့ ကင်ဂျုံအွန်းအကြား ထိပ်သီးဆွေးနွေးပွဲတွေကိုလည်း မြန်မာက ထောက်ခံကြိုဆိုခဲ့တာပါ။

တရုတ်ရဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ မြန်မာနဲ့ မြောက်ကိုရီယား အရေးလို ကိစ္စတွေမှာ တရုတ်အနေနဲ့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတာတွေလည်း ရှိနေကြောင်း အကဲခတ်တွေရဲ့ နှိုင်းယှာဉ်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ