နိုင်ငံခြားသား မြေယာ မပိုင်ရ အပါအဝင် ၁၄ ချက် အတည်ပြု

ဓာတ်ပုံ မူပိုင် State Counsellor office facebook
Image caption ကျွန်မတို့ညီလာခံကြီး ရပ်တန့် မနေဘူး၊ နောက်ပြန် လှည့်မသွားဘူး၊ ရှေ့ကို ခက်ခက်ခဲခဲ တက်လှမ်းနေတယ် ဆိုတာကို အထင်အရှား ဖော်ပြနေတာဖြစ်တယ်လို့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က၂၁ ပင်လုံ ပိတ်ပွဲ အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောဆို

နိုင်ငံတွင်း မြေယာတွေကို နိုင်ငံသားတွေသာ ပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံခြားသားနဲ့ တရားမဝင် နေထိုင်သူတွေကို တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်ဖြစ်စေ ပိုင်ဆိုင်ခွင့်မရှိစေရဆိုတဲ့ အချက်အပါအဝင် ၂၁ ပင်လုံ တတိယအကြိမ် - ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ အချက် ၁၄ ချက်ကို သဘောတူနိုင်ခဲ့ကြပါတယ်။

မြေယာ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အချက် ၂ ချက် ပါဝင်ခဲ့တာပါ။ မြေယာ အသုံးပြုတဲ့ စီမံကိန်းတွေ အကောင်ထည်ရာမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၊ လူမှုရေး နဲ့ကျန်းမာရေး ဆိုင်ရာ ထိခိုက်မှုဆန်းစစ်ဖို့နဲ့ ဒေသခံ ပြည်သူလူထုနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ ကြိုတင်ပြုလုပ်ရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

ညီလာခံဆွေးနွေးမှုတွေအတွင်း အချေတင် ဆွေးနွေးစရာဖြစ်ခဲ့တဲ့ နိုင်ငံရေး ကဏ္ဍ ခေါင်းစဉ်အောက်က ကျား၊မ တန်းတူ ညီမျှမှု ဆိုင်ရာ အချက်မှာ ပါဝင်တဲ့ ပြည်ထောင်စု တည်ဆောက်ရာမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုတဲ့ စာသားကို တပ်မတော်ဘက်က ထည့်ချင်မှု အပေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ အစည်းအဝေးမှာ သဘောတူခဲ့သလို ဇူလိုင် ၁၆ ရက်နေ့မှာ ကျင်းပတဲ့ အတည်ပြုမှုမှာလည်း အဲဒီအတိုင်းပဲ အတည်ပြုနိုင်ခဲ့တာပါ။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရာမှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ မည်သည့်နိုင်ငံသားကို မဆို ကျား ၊ မ ဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံတဲ့ ခွဲခြားဆက်ဆံခြင်း မရှိစေရေးနဲ့ တန်းတူညီမျှမှုရှိစေရေး မူဝါဒ ချမှတ်ရမယ်လို့ အတည်ပြုထားတဲ့ အချက်မှာ ဖော်ပြထားပါတယ်။

ကဏ္ဍ အသီးသီးမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရေး အားပေးကြဖို့နဲ့ ကျား ၊ မ ရေးရာ အခြေပြု အကြမ်းဖက်မှုတွေကို ကာကွယ်နိုင်တဲ့ မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ ၊ ကျား၊မ ဆိုင်ရာ တန်းတူညီမျှမှုကို အထောက်အကူပြုစေတဲ့ အမျိုးသီးတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးရေး စတဲ့ အချက်တွေလည်း နိုင်ငံရေး ကဏ္ဍ ကျား ၊ မ ဆိုင်ရာ တန်းတူညီမျှမှု ခေါင်းစဉ်အောက်မှာ ပါဝင်ခဲ့ပါတယ်။

လူမှုရေး ကဏ္ဍမှာတော့ အချက် ၇ ချက် သဘောတူနိုင်ခဲ့ပြီး ပြန်လည်နေရာချထားရေး ၊ ပြန်လည်ထူထောင်ရေး ၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်အကောင်ထည်ဖော်ရာမှာ အကောင်ထည်ဖော်မှု အဆင့်တိုင်းမှာ အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရေး ကြိုးပမ်းဖို့ ၊ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်တဲ့ အားလုံးအကျုံးဝင် ပညာရေးစနစ် ဖော်ဆောင်ဖို့ ၊ လူတိုင်းအတွက် လက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စတွေ ဆောင်ရွက်ရာမှာ လူမှု သဟဇာတသဘောတရားတွေကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစား ဆောင်ရွက်ဖို့ ကိစ္စတွေလည်း ပါဝင်တာပါ။

မူးယစ်တိုက်ဖျက်ရေး ပြန်လည်ထူထောင်ရေးနဲ့ ကလေးသူကယ်အခွင့်အရေး ကိစ္စတွေလည်း ပါဝင်ပါတယ်။

Image caption ပင်လုံပြန်စနိုင်တာ တိုးတက်ခြင်းရဲ့ သင်္ကေတ
Image caption ၂၁ ပင်လုံမှာ အချက်၁၄ ချက် အတည်ပြု

စီးပွားရေး ကဏ္ဍမှာတော့ တိုင်းနဲ့ ပြည်နယ် အစိုးရတွေကို စီးပွားရေး ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒတွေနဲ့ စီမံကိန်းတွေ ရေးဆွဲချမှတ်ဖော်ဆောင်ခွင့် ရှိစေဖို့နဲ့ စီမံကိန်းတွေ ရေးဆွဲရာမှာ ပြည်ထောင်စု စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေး မူဝါဒတွေနဲ့ စီမံကိန်းတွေကို သဟဇာဖြစ်စေရေးနဲ့ ဆက်စပ်တဲ့ အခြား တိုင်းနဲ့ ပြည်နယ်ဒေသတွေရဲ့ အကျိုးစီးပွားကို ထိခိုက်မှု မရှိစေရေးအတွက် ထည့်သွင်းစဉ်းစားဖို့ အချက်တွေ ပါဝင်ပါတယ်။

ဒုတိယအကြိမ် ၂၁ ပင်လုံမှာ အချက် ၃၇ ချက် ၊ အခု တတိယအကြိမ် ၂၁ ပင်လုံမှာ အချက်၁၄ ချက် အတည်ပြုနိုင်တဲ့အတွက် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၂ ခုပေါင်း စုစုပေါင်း အချက် ၅၁ ချက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကနေ နိုင်ငံရေး ကဏ္ဍက ရရှိခဲ့တဲ့ အချက် ၄ ချက် ၊ စီးပွားရေးမှာ အဆိုပြချက် ၁ ချက်၊ လူမှုရေး ၇ ချက်၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍမှာ ၂ ချက် စုစုပေါင်း ၁၄ ချက် ရှိခဲ့ပါတယ်။

Image caption တစ်နှစ်ကျော်ကြန့်ကြာခဲ့တဲ့ ပင်လုံ

ဒါပေမယ့်လည်း ဖက်ဒရယ်ပြည်ထောင်စုအတွက် အရေးပါတဲ့ အခြေခံမူတွေနဲ့ အာဏာခွဲဝေခွင့်ဆိုင်ရာ အချက်တွေဟာ အဲဒီအချက် ၅၁ ချက်မှာ မပါသေးတဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းထားတဲ့ နောက် ညီလာခံ ၃ ကြိမ်မှာ ဖက်ဒရယ် အခြေခံမူတွေ အားလုံးချမှတ်နိုင်ရေးဆိုတာ မရေမရာဖြစ်နေဆဲပဲလို့ ညီလာခံတက်လာတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေက မှတ်ချက်ပေးကြပါတယ်။

ဒီကနေ့ လက်မှတ်ရေးထိုး နိုင်ခဲ့တဲ့ အစိတ်အပိုင်း (၂) သဘောတူညီချက်တွေဟာ ကျမတို့ ညီလာခံကြီး ရပ်တန့် မနေဘူး၊ နောက်ပြန် လှည့်မသွားဘူး၊ ရှေ့ကို ခက်ခက်ခဲခဲ တက်လှမ်းနေတယ် ဆိုတာကို အထင်အရှား ဖော်ပြနေတာဖြစ်တယ်လို့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က၂၁ ပင်လုံ ပိတ်ပွဲ အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ စတင်