နာဂ NSCN ( K) အန်စီအေ လက်မှတ်ထိုးရေး မဖြစ်နိုင်သေး

ဓာတ်ပုံ မူပိုင် MOI
Image caption နာဂ ကိုယ်စားလှယ်တချို့ကို ဦးသိန်းစိန် အစိုးရလက်ထက်က ငြိမ်းချမ်းရေး စင်တာမှာ တွေ့ရစဉ်

အစိုးရနဲ့ တဖွဲ့ချင်း အပစ်ရပ်စဲထားတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN ( k ) ဟာ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်သေးကြောင်း နာဂ တပ်ဖွဲ့ တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

နာဂ ဒေသဟာ ငြိမ်းချမ်းနေပြီ ဒေသဖွံ့ဖြိုးရေးကိုပဲ နေပြည်တော်ခရီးစဉ်မှာ ဆွေးနွေးဦးမှာဖြစ်တယ်လို့ နာဂ အဖွဲ့မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ၂၁ ပင်လုံ အစည်းအဝေး တက်ရင်း ဘီဘီစီကို ပြောခဲ့ပါတယ်။

နာဂ အဖွဲ့ဟာ ဇူလိုင်လ ၁၃ ရက်နေ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့ဆုံခဲ့တာပါ။

နာဂတိုင်းရင်းသားတွေဟာ အိန္ဒိယ မြန်မာ နှစ်နိုင်ငံစလုံးမှာ ရှိနေတဲ့အတွက် မြန်မာဘက်က ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေမှာ သူတို့တဖွဲ့တည်းသဘောနဲ့ ပါဝင်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့လည်း ဦးကျော်ဝမ်းစိန်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိအချိန်မှာတော့ နာဂ အခြေပြု လက်နက်ကိုင်နှစ်ဖွဲ့ရှိနေပြီး NSCN ( IM ) အဖွဲ့ကတော့ အိန္ဒိယ အစိုးရနဲ့ အပစ်ရပ်စဲရေး ပြုလုပ်ထားပြီး နိုင်ငံရေးဆွေးနွေးနေတဲ့ အဖွဲ့ဖြစ်ကာ NSCN (K) ကတော့ မြန်မာ အစိုးရနဲ့ တဖွဲ့ချင်း အပစ်ရပ်ထားပေမယ့် အိန္ဒိယနဲ့ တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

သူတို့နှစ်ဖွဲ့မှာ အိန္ဒိယနဲ့ အပစ်ရပ်ထားတဲ့ IM က ကွန်ဖက်ဒရေးရှင်း ဖက်ဒရယ်ပြည်နယ်ကို ရယူလိုတဲ့ ရည်ရွယ်ချက်ရှိပြီး နာဂ NSCN ( K) ရဲ့ မူဝါဒကတော့ နှစ်နိုင်ငံစလုံးက နာဂတွေကို ပေါင်းစည်းပြီး လွတ်လပ်ရေး ရယူရေး မူဝါဒ ဖြစ်နေတယ်လို့ နာဂ အမျိုးသား ကောင်စီက ကေးယုံ က ထောက်ပြပါတယ်။

NSCN ( k ) အဖွဲ့ဘက်ကတော့ နာဂ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးကို အဓိက အားဖြင့် အင်အားစု နှစ်စုက ကိုင်တွယ်ထားပြီး နာဂ တွေ စည်းလုံး ညီညွတ်မှုရမှပဲ မြန်မာရဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်တဲ့ ၂၁ ပင်လုံမှာ ပါမလားဆိုတာကို နာဂတွေအချင်းချင်း အဖြေပေါ်အောင် ညှိနှိုင်းတိုင်ပင် ရဦးမယ်လို့ ပြောပါတယ်။

နာဂတွေဟာ အိန္ဒိယနိုင်ငံမှာ ဖက်ဒရယ်ပြည်နယ်အဆင့် ရရှိထားပြီး မြန်မာဘက်မှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသာ ရရှိထားတာပါ။