အခြေခံစားကုန်တွေ အများကြီး စျေးမြင့်တက်ခြင်းမရှိဘူးလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကဆို

ဓာတ်ပုံ မူပိုင် Pyo Min Thein Facebook
Image caption ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို ဘီဘီစီနဲ့ မေးမြန်းခန်းမှာ တွေ့ရစဉ်

လက်ရှိ အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲမှု ကဏ္ဍ နယ်ပယ် အသီးသီးမှာ အခက်အခဲ များစွာ ရှိနေတဲ့ အကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ဘီဘီစီ နဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းမှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန် တိုင်းဒေသကြီးအတွင်းမှာ စီးပွားရေး၊ ဖွံ့ဖြိုးရေး အပါအဝင် လူထုတွေ ကြုံတွေ့နေရတဲ့ လူမှုရေးအခက်အခဲတွေကို တိုးတက်ပြောင်းလဲ လာအောင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအနေနဲ့ လုပ်ဆောင်နေမှုနဲ့ ပတ်သက်လို့ မေးမြန်းရာ တိုင်း ၀န်ကြီးချုပ်က အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ငွေကြေးကဏ္ဍ ၊ အစိုးရရဲ့ ဝင်ငွေနဲ့ ၊ တိုင်းပြည်မှာ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ အခြေအနေတွေကနေ ပေါ်ပေါက်လာတဲ့ လိုအပ်ချက်တွေ အဖက်ဖက်မှာ ရှိနေပြီး ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ တဖြည်းဖြည်းချင်း ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရန်ကုန်မြို့ ဖွံ့ဖြိုး တိုးတက်လာတယ် ဆိုပေမယ့် အခြေအနေ ပေးရင် ပေးသလို ဖွံ့ဖြိုး တိုးတက် လာတာ ဖြစ်ပြီး ရထား ဘူတာရုံ တွေနဲ့ ကားမှတ်တိုင်တွေ ၊ ရေလမ်းက သွားလာနိုင်တဲ့ သူတွေနဲ့ ဘတ်စကားမှတ်တိုင်က သွားလာသူတွေ အားလုံးကို ချိတ်ဆွဲမိနိုင် ဖို့ လိုအပ်ပါတယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ဆိုပါတယ်။

YBS စတာ တလပြည့်ခဲ့ပေမယ့် ခရီးသည်တွေ အဆင်မပြေသေး

ဒါမှသာ ဒီလို သယ်ယူပို့ဆောင်ရေး အခြေခံ ကနေ ဖွံ့ဖြိုး တိုးတက်မှု ပေါ်ပေါက်လာမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဘူတာရုံတွေဆို တကယ့်ကို ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပြီး ဘူတာရုံကနေ ကားစီးသွားလို့ရ နိုင်သလို ၊ ရထားစီးချင်လည်း စီးလို့ ရနိုင်မယ့် အခြေအနေမျိုး ၊ မြို့ပတ် ရထားတွေကလည်း တကယ့်ကို မှန်ကန်တဲ့ လည်ပတ်မှု စံနစ် ဖြစ်အောင် ကြိုးစားရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption အခြေခံ စားကုန်တွေမှာ အများကြီး စျေးနှုန်း မြင့်တာ မတွေ့ရကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောပါတယ်

လက်ရှိ အစိုးရ အနေနဲ့ သူတို့ ရတဲ့ အခြေအနေကနေ ပြုပြင် ပြောင်းလဲလိုက်တာ ဖြစ်ပြီး ဒီပြုပြင် ပြောင်းလဲမှု အပေါ် ဝေဖန်မှု များစွာ ရှိနိုင်ပေမယ့် သူတို့ အနေနဲ့ အပြောင်းအလဲ တရပ်ကို မှန်မှန်ကန်ကန် နဲ့ ရှေ့ကို ပိုမို တိုးတက်တဲ့ အခြေအနေ တခု ဖြစ်အောင် လုပ်ရမယ်လို့ ဦးဖြိုးမင်းသိန်း က ပြောပါတယ်။

ဒီအခြေခံတွေ အပေါ် ဝေဖန်နေတယ် ဆိုတာ အပြစ်သဘော မြင်တာတွေ ရှိသလို ပြုပြင်ပြောင်းလဲမှုကို အထောက်အကူ ဖြစ်စေဖို့ အတွက်ကို အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေလည်း တွေ့ရတယ်လို့ သူက ဆိုပါတယ်။

ဒီအထဲကနေ ကောင်းမွန်တာတွေကို ထုတ်ယူပြီး နိုင်ငံ ဖွံ့ဖြိုးရေးကို ကြိုးပမ်း ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုအခါ အစိုးရ အနေနဲ့ စည်ပင် ဥပဒေတရပ်ကို အသစ် ပြဌာန်းထားပြီး ဖြစ်တာကြောင့် ဒီစည်ပင် ဥပဒေအရ လမ်းမပေါ် စျေးသည်တွေ ရောက်နေတဲ့ အခြေအနေ ၊ လမ်းပေါ် ကျူးကျော် ဆောက်နေတာတွေနဲ့ တခြား ဥပဒေမဲ့ ဆောင်ရွက် နေတာတွေ ကို မြို့တော်မှာ စည်းကမ်းဘောင် နဲ့ ဖြစ်ဖို့ ကြိုးပမ်း သွားရမှာ ဖြစ်တယ် လို့ သူက ဆိုပါတယ်။

ကုန်စျေးနှုန်းနဲ့ ပတ်သက်လို့ လက်ရှိ ကုန်စျေးနှုန်း မြင့်တက်တယ် ဆိုပေမယ့် အခြေခံ စားကုန်တွေမှာ အများကြီး စျေးနှုန်း မြင့်တာ မတွေ့ရကြောင်း ၊ တည်ငြိမ်နိုင်ဖို့ ထုတ်ကုန် ၊ ဝယ်နိုင်စွမ်းအား ၊ လူတွေရဲ့ သုံးစွဲနိုင်မှု အခြေအနေတွေကို ချိန်ညှိသွားရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ရန်ကုန်ဝန်ကြီးတွေ ကားသစ်ဝယ်ဖို့ လိုလား

စီးပွားဖြစ် မဏ္ဍာပ်တွေ နှစ်နှစ်မြောက် ဆက်လက် ပိတ်ပင်

ဒါ့အပြင် ငွေကြေး တန်ဖိုး တည်ငြိမ်မှုရအောင် အစိုးရအနေနဲ့ ဆောင်ရွက်သွားရမှာ ဖြစ်သလို ဒီအခြေအနေ အပေါ်မှာ ကမ္ဘာ့ စီးပွားရေး ရိုက်ခတ်မှုလဲ ရှိတာကြောင့် ဒေါ်လာစျေး ၊ ရွှေစျေး ပြောင်းလဲမှု အရ ဖြစ်လာတာလို့ သူက ထောက်ပြပါတယ်။

မြန်မာ ကျပ်ငွေ တန်ဖိုးဟာ ငွေကြေး ဖောင်းပွမှုနှုန်း အများကြီး မရှိပေမယ့် ကမ္ဘာ့စီးပွားရေး ရိုက်ခတ်မှုက မြန်မာ နိုင်ငံ အပေါ်သက်ရောက်မှု ရှိတာ ဖြစ်တဲ့ အပြင် နိုင်ငံရဲ့ ဖွံ့ဖြိုးမှု အရှိန် ယူနေချိန်မှာ ရခိုင် အရေးကလဲ နိုင်ငံကို ဂယက်တခု ဖြစ်စေခဲ့တယ်လို့ ဦးဖြိုးမင်းသိန်း က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ