ရဲချုပ်နဲ့ ဒုရဲချုပ် တို့ကို ရာထူးအဆင့်တိုးမြှင့်

ဓာတ်ပုံ မူပိုင် Yangon Police Facebook
Image caption ရဲတပ်ဖွဲ့ ထိပ်ပိုင်းရာထူးတွေကို အဆင့်တိုးမြှင့်ခဲ့

ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာ ရှိတဲ့ ရဲတပ်ဖွဲ့ရဲ့ ထိပ်ပိုင်းရာထူးအဆင့်တွေကို ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ပြောင်းလဲ သတ်မှတ်လိုက်တာပါ။

ရဲချုပ် အောင်ဝင်းဦးကို ရဲဒုတိယဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ဒုရဲချုပ် မျိုးဆွေဝင်းနဲ့ ဒုတိယ ရဲချုပ် အောင်နိုင်သူတို့ကို ရဲဗိုလ်ချုပ်တွေ အဖြစ် အဆင့်တွေ တိုးမြှင့်တာ ဖြစ်ပါတယ်။

ရဲချုပ် နဲ့ ဒုရဲချုပ် ၂ ယောက်တို့ဟာ အပွင့်တပွင့်ဆီ တိုးသွားပေမယ့် ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ နဲ့ လုပ်ငန်းတာဝန်တွေကတော့ အရင်အတိုင်းပဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စီမံရေးရားဌာနက ရဲမှူးကြီး အောင်မြင့်နိုင်က ပြောပါတယ်

တကယ်တော့ ရဲတပ်ဖွဲ့က ရဲချုပ်ရဲ့ ရာထူးအဆင့်ဟာ ညွှန်ချုပ်အဆင့် နဲ့ ညီပါတယ်။ အခုတော့ ရဲချုပ်ကို ရဲဒုတိယဗိုလ်ချုပ်ကြီး ဆိုပြီး အဆင့်တိုးလိုက်ပေမယ့် ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ညွှန်ချုပ်အဆင့်အတိုင်းပဲ ဆက်ရှိနေမှာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဖက်က ပြောပါတယ်။

အခုလို ရဲတပ်ဖွဲ့က အကြီးအကဲတွေရဲ့ ရာထူးအဆင့်အတန်းကို တိုးမြှင့် သတ်မှတ်တာဟာ အရင်တုန်းကတော့ မရှိခဲ့ဖူးပါဘူး။

လောလောဆယ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ရာဇဝတ်မှု၊ လူကုန်ကူးမှု နိုင်ငံဖြတ်ကျော် မှုခင်း၊ မူးယစ်ဆေးဝါး တရားမဝင်ငွေကြေးစီဆင်းမှု စတာတွေကို ရဲတပ်ဖွဲ့ ဌာနခွဲတွေ နဲ့ ကိုင်တွယ်ဆောင်ရွက်နေတာပါ။

ရဲတပ်ဖွဲ့ဟာ အီးယူ၊ အာဆီယံ စတဲ့ နိုင်ငံတကာရဲတပ်ဖွဲ့တွေနဲ့လည်း ဆက်ဆံနေရတဲ့ အဖွဲ့ဖြစ်လို့ အဆင့်တံဆိပ်အရ ဂုဏ်သိက္ခာပိုမြှင့်လိုက်တာလည်း ဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ရဲချုပ်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးခင်ရီက ပြောပါတယ်။

အခုထိပ်ပိုင်း ရာထူးအဆင့်တွေ တိုးမြှင့်သတ်မှတ်လိုက်ပေမယ့် ရဲရာထူးအခေါ်အဝေါ်တွေနဲ့ ပတ်သက်လို့တော့ ရဲတပ်ဖွဲ့ဖက်က တိတိပပ မထုတ်ပြန်သေးပါဘူး။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ

ဘီဘီစီ တဝန်း