မြန်မာလုပ်ငန်းခွင်ထဲက လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေကို ဘယ်လိုဖြေရှင်းမလဲ

ဓာတ်ပုံ မူပိုင် CHRISTOPHE PETIT TESSON
Image caption လိင်ပိုင်း စော်ကား နှောင့်ယှက်မှုတွေကို တန်ပြန် ဆန္ဒပြ

အလုပ်ရဖို့အရေး လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါး နှောက်ယှက် ခံခဲ့ရတဲ့ အမျိုးသမီးတယောက်ဖြစ်တဲ့ မဖိဖိက လုပ်ငန်းခွင် အကြီးအကဲဟောင်းတယောက်က ရည်းစားရှိလားလို့ မေးပြီး sex chat လုပ်ဖို့အထိ သူ့ကို ပြောဆို ထိပါးနှောက်ယှက်တာကို ခံခဲ့ရဖူးတယ်လို့ ဘီဘီစီကို ပြောပြပါတယ်။

အဲဒီအချိန်တုန်းကတော့ ဒီလိုလုပ်တာဟာ လိင်ထိပါးနှောက်ယှက်စော်ကားမှု ဖြစ်တယ်ဆိုတာကို သူကိုယ်တိုင် မသိရှိခဲ့သလိုပို့လာတဲ့ စာတွေကိုလည်း စိတ်ခံစားချက်နဲ့ ဖျက်ပစ်ခဲ့မိတယ်လို့ မဖိဖိက ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သတ်လို့ လူအနည်းငယ်ကိုပဲ တိုင်ပင်ခဲ့ဘူးပြီး အကြီးမားဆုံးခံစားချက်ကတော့ ဒီလို သူ ပြောဆိုမယ်ဆိုရင် ကျန်လူတွေက သူ့ကိုယုံကြည်ပါ့မလားဆိုတဲ့ ခံစားချက် နဲ့ စိုးရိမ်မှုတွေ ရှိခဲ့ရတယ်လို့ ပြောပြပါတယ်။

ပတ်ဝန်းကျင်ကလည်း ဒီလူဟာ သြဇာလွှမ်းမိုးနိုင်သူ တယောက်ဖြစ်သလို ဘယ်လိုမှ တိုက်ခိုက်လို့ မနိုင်နိုင်တဲ့အတွက် ဒီရှက်စရာကိစ္စကို မေ့မေ့ပျောက်ပျောက်ထားဖို့ ပြောဆို တိုက်တွန်းတာ ခံခဲ့ရတဲ့အတွက် တိုင်ကြားတာတွေ မလုပ်ခဲ့ဘူးလို့ မဖိဖိက ပြောပါတယ်။

အမျိုးသမီးတွေအတွက် ဒီလိုဖြစ်တိုင်း အကြီးအမားဆုံး အခက်အခဲက သက်သေပြဖို့ရာပဲ ဖြစ်ပါတယ်။

မဖိဖိတို့လို အမျိုးသမီးတချို့ရဲ့ လုပ်ငန်းခွင်မှာ ဒီလို ပြုမှုခံရတာနဲ့ ပတ်သတ်လို့ Gender Equality Network က လုပ်ငန်းခွင်မှာ အကြီးအကဲကနေ လက်အောက် ဝန်ထမ်းတွေအပေါ် သြဇာသုံးပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေနဲ့ ပတ်သတ်တဲ့ တိုင်ကြားမှုတွေ ရရှိထားကြောင်းနဲ့ ဒီကိစ္စနဲ့ ပတ်သတ်လို့ ရပ်တည်ဖို့ အသင့်ရှိတယ်လို့ စာထုတ်ခဲ့ပါတယ်။

လိင်ထိပါးနှောက်ယှက်မှုဆိုတဲ့ ကိစ္စကို တိုင်းတာတဲ့နေရာမှာ သက်သေဟာ ခံစားရသူရဲ့ စိတ်ခံစားချက်အပေါ်မှာ အဓိက မူတည်တာပဲဖြစ်တယ်လို့ Gender Equality network ရဲ့ သင်တန်းညှိနှိုင်းရေးမှူး ကိုဝင်းပိုက်မျိုးက ပြောပါတယ်။

လက်ရှိ အခြေအနေမှာတော့ ဒီလို လိင်ထိပါးနှောက်ယှက်မှုတွေနဲ့ ပတ်သတ်လို့ တိုင်ကြားတဲ့ အမှုတွေက နည်းပါးနေသေးသလို ထိရောက်တဲ့ ကာကွယ်မှုတွေလည်း မရှိသေးပါဘူး။

ဒါ့ကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်တမ်းတွေ ကောက်ယူပြီး အရေးယူနိုင်တဲ့ ထိရောက်တဲ့ ဥပဒေတွေ လိုအပ်နေသေးတယ်လို့ လုပ်ငန်းခွင်ထဲ ကျားမရေးရာ တန်းတူညီမျှရေး လှုပ်ရှားနေသူတွေက ပြောဆိုနေပါတယ်။