ပြည်တွင်း လေကြောင်းလိုင်း ၂ လိုင်း လိုင်စင်ရုပ်သိမ်း

ဓာတ်ပုံ မူပိုင် Air Bagan
Image caption လေကြောင်းပို့ဆောင်ရေး ညွန် ကြားရေးမှူးဦစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ဘီဘီစီ ကို အတည်ပြု ပြောကြား

ပြည်တွင်းခရီးစဉ်တွေပျံသန်းနေတဲ့ Air Bagan နဲ့ Apex Airline လေကြောင်းလိုင်းနှစ်ခုရဲ့ လေကြောင်းလိုင်းတည်ထောင်ပျံသန်းခွင့်လိုင်စင် ( AOC) ကိုပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။

ပျံသန်းခွင့် လိုင်စင်တွေ ပြန်လည် ရုပ်သိမ်း ခဲ့တဲ့ အကြောင်း ကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ဘီဘီစီ ကို အတည်ပြု ပြောကြား ပါတယ်။

Airbagan လေကြောင်း လိုင်း ဆိုရင် ၂၀၁၅ ခုနှစ် ကတည်း က ပြည်တွင်း လေကြောင်း ခရီးစဉ် ကို ပြေးဆွဲခြင်း မရှိတော့ကြောင်းနဲ့ လေယာဉ် ငှားရမ်း မှု ကိုလည်း ရပ်ဆိုင်း ထားခဲ့တဲ့ အတွက် အခုလို AOC လိုင်စင် ကို ပြန်အပ် တာ ဖြစ်တယ်လို့ ဦးရဲထွဋ်အောင်က ရှင်းပြပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ် ခန့်ကမှ လေကြောင်းလိုင်း တည်ထောင် ပျံသန်းခွင့် လိုင်စင် AOC ကို Airbagan ဘက်က ပြန်အပ်ခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့Airbagan လေကြောင်းလိုင်း ရဲ့ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ မစဝ်သန္တာနွဲ့ ကို ဘီဘီစီက ဆက်သွယ် မေးကြည့်ရာမှာ Airbagan လေကြောင်းလိုင်းရဲ့ AOC သက်တမ်းက ၂၀၁၆ ခုနှစ် ၁၁ လပိုင်းထဲက သက်တမ်းကုန်ဆုံးခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့်လတ်တလောမှာ လုပ်ငန်း လည်ပတ်ခြင်း မရှိတော့တဲ့ လိုင်စင် စာရွက် စာတမ်း ကို သက်ဆိုင်ရာဌာနမှာ ပြန်အပ်ထားရခြင်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Air Bagan
Image caption ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ပြန်လည်လျှောက်ထားခွင့်ပြုရန် တောင်းဆိုထား

Airbagan အနေနဲ့ပျံသန်းပြေးဆွဲရန် အဆင်သင့်ဖြစ်နိုင်မယ့် ခန့်မှန်းချေကာလ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ပြန်လည်လျှောက်ထားခွင့်ပြုရန် တောင်းဆိုထားခဲ့ပြီး AOC ကိုပြန်အပ်ထားခဲ့ခြင်းဖြစ်ကြောင်းနဲ့ လေကြောင်းလိုင်းပိတ်သိမ်းခြင်းမဟုတ်ဘူးလို့ စာရေးသားပေးပို့ ဖြေကြားခဲ့ပါတယ်။

Airbagan လေကြောင်းလိုင်းဟာ မြန်မာပြည်ရဲ့ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးတေဇ ပိုင်ဆိုင်တဲ့ လေကြောင်းလိုင်း ဖြစ်ပြီး ၂၀၀၄ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

စတင်တည်ထောင်တဲ့အချိန်က ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တွေပြေးဆွဲခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြည်တွင်းခရီးစဉ်တွေသာ ပြေးဆွဲခဲ့ပါတယ်

Apex Airline ကတော့ ၂၀၁၅ ခုနှစ်ဧပြီလမှာ စတင်ပြေးဆွဲခဲ့ပြီး ရန်ကုန်-နေပြည်တော်နဲ့ရန်ကုန်- မြိတ်- ကော့သောင်း ခရီးစဉ်တွေကို ပြေးဆွဲခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ပိုင်းတွေမှာ ခရီးသည်ရရှိမှု နည်းလာတဲ့အတွက်ပြည်တွင်းလေကြောင်းလိုင်းတွေဟာ တွက်ခြေမကိုက်ကြောင်းကိုလည်း ပြည်တွင်းလေကြောင်းလိုင်းတစ်ခုက အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောပါတယ်။ မကြာခင်မှာလဲပြည်တွင်းလေကြောင်းလိုင်းအချို့ရပ်နားဖို့ရှိတယ်လို့လည်းစုံစမ်းသိရှိရပါတယ်။

ဆက်စပ် အကြောင်းအရာများ