သိမ်းဆည်း လယ်မြေ ပြန်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့ တိုက်တွန်း

Image caption သိမ်းဆည်းခံ လယ်မြေ ပြန်ရရေး လယ်သမားတွေ ဆန္ဒပြ

မြန်မာနိုင်ငံမှာ အရင်အစိုးရ လက်ထက်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ အတွက် နစ်နာကြေးကို အမြန်ဆုံး ပြန်ပေးဖို့နဲ့ လယ်သမားတွေနဲ့ အသေးစား မြေပိုင်ရှင်တွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်တဲ့ ဥပဒေတွေ ပြဌာန်းပေးဖို့ အစိုးရကို တောင်းဆိုထားတဲ့ အစီရင်ခံစာ တစောင်ကို Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ က ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရေး တောင်းဆို ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ဖမ်းဆီး နေတာတွေကို ရပ်တန်းက ရပ်ဖို့နဲ့ ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြခဲ့မှုနဲ့ စွဲချက်တင် ထိန်းသိမ်း ခံထားရသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ မြန်မာ အစိုးရကို Human Rights Watch အဖွဲ့က အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူးက တောင်းဆိုလိုက်ပါတယ်။

အခု လက်ရှိ NLD အစိုးရသစ် လက်ထက်မှာ မြေသိမ်းတာတွေ မရှိတော့ပေမယ့် သူတို့ ရင်ဆိုင် ဖြေရှင်းနေရတဲ့ အကြီးမားဆုံး ပြဿနာက သိမ်းဆည်း လယ်ယာမြေတွေ ပြန်ပေးရေး ပြဿနာ ဖြစ်ပါတယ်။

အရင် အစိုးရ လက်ထက်ကတည်းက မြန်မာ တပြည်လုံးမှာ သိမ်းဆည်းခံ လယ်ယာမြေ ဧက ၅ သန်းကျော် ရှိတယ်လို့ Transnational Institute က ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း တတိုင်းလုံးတင် သိမ်းဆည်းခံ လယ်မြေ ၄ သိန်းခွဲ နီးပါး ရှိပြီး အဲဒီထဲက ၃သိန်းနီးပါးဟာ ကပစ လို့ ခေါ်တဲ့ အကြီးစား ကာကွယ်ရေး စက်ရုံက သိမ်းဆည်း ထားခဲ့တာလို့ မကွေးတိုင်း လယ်မြေ စိစစ်ရေး ကော်မတီက ကိုအောင်ကျော်ကျော် က ပြောပါတယ်။

လယ်မြေတွေ သိမ်းယူခဲ့တုန်းက ဥပဒေနဲ့ အညီ သိမ်းခဲ့တာ မဟုတ်ပေမယ့် သိမ်းဆည်းမြေတွေ ပြန်တောင်းတဲ့အခါ ဥပေဒနဲ့ ပြန်တောင်းယူရတာ ဖြစ်တဲ့အတွက် အခုချိန်ထိ ဧက ၂ ထောင်လောက်ပဲ ပြန်လည် ပေးနိုင်သေးတယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ၂၀၁၇ ခုနှစ် မြေသိမ်း ဥပဒေကို အစားထိုး ပြင်ဆင်ဖို့ လွှတ်တော်မှာ လုပ်ဆောင်နေပေမယ့် အခုချိန် အထိ အတည်မပြုနိုင်သေး

၁၈၉၄ ခုနှစ် မြေသိမ်း ဥပဒေကို ဖျက်သိမ်းပြီး ၂၀၁၇ ခုနှစ် မြေသိမ်း ဥပဒေကို အစားထိုး ပြင်ဆင်ဖို့ လွှတ်တော်မှာ လုပ်ဆောင်နေပေမယ့် အခုချိန် အထိ အတည်မပြုနိုင်သေးပါဘူး။

အခု သမ္မတသစ် ဦးဝင်းမြင့် သမ္မတ ရာထူး လွှဲပြောင်း ယူအပြီးမှာ သိမ်းဆည်းခံ မြေတွေ ပြန်ပေးရေးကို အမြန်ဆုံး ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။