၂၁ ရာစု ပင်လုံညီလာခံ အထိ ရောက်ဖို့ ဆွေးနွေးပွဲ အဆင့်တွေ သိပ်များလွန်းနေ

ဓာတ်ပုံ မူပိုင် Hla Maung Shwe Facebook
Image caption ၂၄ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူး အစည်းအဝေး

၂၁ ရာစု ပင်လုံ၊ ငြိမ်းချမ်းရေး ညီလာခံကို တတိယ အစည်းအဝေးမှာ ပြည်ထောင်စု အဆင့် သဘောတူမှု ၁၄ ချက် ထပ်မံရရှိ ခဲ့ပေမယ့် နိုင်ငံရေး ကဏ္ဍ မှာ ကျား-မ တန်းတူရေး ခေါင်းစဉ် အောက်မှာပဲ ဆွေးနွေး ခဲ့ကြပြီး လုံခြုံရေး ကဏ္ဍ ကို မဆွေးနွေးပဲ ထားရှိခဲ့ပါတယ်။

ဆွေးနွေးပွဲက အဆင့်တွေ သိပ်များပြီး အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တက်လာဖို့ကလည်း လူထု တွေ့ဆုံပွဲ မှာဘဲ တန့်နေကြောင်း ၊ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲဆီ တက်လှမ်းဖို့ ဆိုရင် လုပ်ငန်း ကော်မတီ ဆီကို တင်ရသေးတဲ့ အပြင် အဲဒီနောက် UPDJC ကို သွားပြီးမှ ပင်လုံ ညီလာခံ ကို ရောက်တယ် ဆိုတော့ အဆင့်တွေက အတော်ကြီးကို များနေတယ်လို့ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီက စိုင်းကျော်ညွန့် က ပြောပါတယ်။

အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာလည်း ဟိုအဖွဲ့ကတော့ မလုပ်ရဘူး ၊ ဒီအဖွဲ့ဆိုလည်း ဆွေးနွေးခွင့် မရ တားထားတဲ့ အတွက် ပြည်သူ လူထု ပူးပေါင်း ပါဝင်မှုက အဲဒီနေရာမှာ အဆင်မပြေသလို ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အပေါ် အဆင့်မှာ ကျတော့ ထိပ်သီး ခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုက မရှိဘဲ အောက်က တက်လာတာကိုလည်း ပုံစံ အမျိုးမျိုးနဲ့ စည်းကမ်း ကြပ်မတ် ထားတာတွေ ရှိနေပြန်သေးတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

ဒီလို အခြေအနေမျိုးမှာ အထက်ပိုင်းက မဆွေးနွေးဘဲ အလယ်ပိုင်းမှာဘဲ ဆွေးနွေးနေတဲ့ သဘော ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် sai kyaw nyunt facebook
Image caption ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် စိုင်းကျော်ညွန့်

မူဘောင်ပြင်ဖို့ ရှိပြီး လာမယ့် စက်တင်ဘာ ဒုတိယ ပတ် မတိုင်ခင် နိုင်ငံရေး ပါတီ အစုအဖွဲ့ချင်း သုံးသပ်ထားသင့် ပြီးတော့ အစိုးရဖက်ကလည်း လုပ်ဆောင်လာလိမ့်မယ်လို့ ယုံကြည်ကြောင်းနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ဖက်ကလဲ ပြင်ဆင် ထားမှာ ဖြစ်ကြောင်း ၊ အဲဒီနောက် တွေ့ဆုံပြီး စဉ်းစားချက် ပြန်ညှိနှိုင်းဖို့ အစည်းအဝေးကို စက်တင်ဘာ လလယ်လောက်မှာ ခေါ်ယူဖို့ အကြမ်းဖျဉ်း သတ်မှတ်ထားတယ်လို့ စိုင်းကျော်ညွန့် က ပြောပါတယ်။

အဲဒီလို ပြင်ဆင်ရာမှာ UPDJC တခုလုံး မဟုတ်ဘဲ အတွင်းရေးမှူး ၁၅ယောက်သာ ပါမှာ ဖြစ်ပြီး အစုအဖွဲ့ တခုမှာ ၁၅ယောက် ၊ ကျန်တဲ့သူ ၃၀လောက်နဲ့ မူဘောင် ကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ တခုလုံး ဒီလို သွားနေတဲ့ ပုံစံတွေကအစ ဒီထက်မြန်အောင် ဘယ်လို စဉ်းစားနိုင်မလဲ ဆိုတာ ဆွေးနွေးဖို့ ရှိတယ်လို့ သူက ဆိုပါတယ်။

ပြောင်းလဲဖို့ လိုအပ်တာတွေကို ပြောင်းမှာ ဖြစ်ပြီး အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ တစ်ဆို့မှု ဖြစ်နေတဲ့ NCA ထဲမှာလဲ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆိုပြီးတော့ တိတိကျကျ ဖော်ညွှန်းထားတာ မရှိတဲ့ အတွက် နားလည်မှု ကွဲပြားနေတဲ့ အပြင် ဒါကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဆွေးနွေးမယ့် အကြောင်း အရာ ကဏ္ဍ ငါးခု ဆိုပေမယ့် ခေါင်းစဉ်ခွဲ နှစ်ခုဆီ ဆိုတော့ ခေါင်းစဉ် ဆယ်ခု ရှိတဲ့ အခြေအနေမှာ ခေါင်းစဉ် တခုကို ဘယ်လောက် ဆွေးနွေးမလဲ ဆိုတာ ကန့်သတ် ထားတာ မရှိဘဲ ခေါင်းစဉ် တခု ဆွေးနွေး လိုက်တာနဲ့ အခြေခံမူဘဲ ဆွေးနွေးမယ် လုပ်ထုံး လုပ်နည်းကို မဆွေးနွေးရင် နည်းနည်း လွယ်ကူနိုင်ချေ ရှိတယ်လို့ သူက ဆိုပါတယ်။

မူဘောင် ပြင်ဖို့ သင့်မသင့် ဆုံးဖြတ်ရာမှာ အစိုးရ ဖက်မှာလည်း ပြောဆိုကြတာ ရှိပြီး အခု တတိယ အကြိမ် ပင်လုံ ညီလာခံ ပြီးရင် တပ်မတော် ဖက်ကတော့ ဘာမှ ပြန်တုန့်ပြန်တာ မရှိသေးဘဲ ကန့်ကွက်မှုလည်း မလုပ်ခဲ့ဘူးလို့ သူက ပြောပါတယ်။

နောက်တကြိမ် ပင်လုံ ညီလာခံကို အခု ၂၀၁၈ ခုနှစ် မကုန်ခင် ကျင်းပရေးနဲ့ ပတ်သက်လို့ မူဘောင် သုံးသပ်တဲ့ အပေါ်မှာ မူတည်ပြီး ဘယ်လို ပုံစံလုပ်မလဲ ဆိုတာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဖြစ်သွားတယ် ဆိုရင်တော့ လုပ်နိုင်မယ်လို့ မြင်ကြောင်း စိုင်းကျော်ညွန့် က ပြောပါတယ်။

ပင်လုံညီလာခံ မပြီးပြတ်တဲ့ ကိစ္စတွေကို ညီလာခံ နားထားတဲ့ ကြားကာလ အချိန်တွေမှာ ဆွေးနွေးရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမယ့် အကြောင်းအရာတွေ ဘယ်လောက် ဘောင်ကျယ်အောင် ဆွေးနွေးမလဲ ၊ အဲဒီလို သတ်မှတ်ပြီးရင် ၊ ခွဲခြမ်း စိတ်ဖြာကာ မှတ်တမ်းထားရမှာ ဖြစ်သလို ဘယ်အပိုင်း ဘယ်ကဏ္ဍကို ပြန်ဆွေးနွေးမယ် ဆိုတာ ပြန်ကောက်လိုက်မယ် ဆိုရင် ပို အဆင်ပြေမယ် ထင်တယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် စိုင်းကျော်ညွန့် က ဆိုသွားခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ