TNLA ရဲမေတွေကို တပ်မတော်က သတ်ဖြတ်ခဲ့တယ်လို့ ဆို

Image caption တနိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူ စာချုပ်မှာ TNLA လက်မှတ် မရေးထိုးရသေး

တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနေတဲ့ ဇူလိုင်လ ၁၁ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီး ကျေးရွာအုပ်စု အွယ်လောရွာ အနီးမှာ TNLA တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်အဖွဲ့ဝင် အမျိုးသမီး ဆေးမှူး ၆ ဦးကို အစိုးရ တပ်မတော်က ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်ဆိုပြီး TNLA က သတင်း ထုတ်ပြန်လိုက်ပါတယ်။

လှည့်လည် ဆေးကုနေတဲ့ TNLA အဖွဲ့ဝင်တွေ စီးလာတဲ့ကား အွယ်လောရွာနား ပြန်အရောက်မှာ တပ်မတော်က ပစ်ခတ်မှုနဲ့ TNLA တပ်ဖွဲ့ဝင် ရဲဘော်တဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး တဦးက ဒဏ်ရာနဲ့ လွတ်မြောက်လာခဲ့တယ်လို့ TNLA အဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူး မိုင်အိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။

ရဲမေ ၆ ယောက်ကိုတော့ အရှင်လတ်လတ် ဖမ်းဆီးသွားခဲ့ပြီး ၁၄ ရက်နေ့မှာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ သူတို့ရဲ့ အလောင်းတွေကို ပြန်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

၆ ဦးမှာ ၂ဦးပဲ သေနတ် ဒဏ်ရာနဲ့ တွေ့ရပြီး ကျန်တဲ့ ၄ ဦးကတော့ ဓားထိုး၊ ရိုက်နှက် ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ သူက ပြောပါတယ်။

ပစ်ခတ်ခဲ့သူတွေဟာ ခမရ ၃၀၁၊ တပ်မ ၇၇ လက်အောက်ခံက ဖြစ်တယ်လို့ ဒဏ်ရာနဲ့ ထွက်ပြေး လွတ်မြောက်လာသူရဲ့ ပြန်ပြောပြချက်အရ သိရပါတယ်။

တပ်မတော်နဲ့ ရဲဘက်က လူတွေကို ဖမ်းဆီးမိတဲ့အခါမျိုးကျရင် လုံခြုံ စိတ်ချရတဲ့ နေရာမှာ TNLA က အမြဲ ပြန်လွှတ်ပေးလေ့ ရှိကြောင်းနဲ့ အခုလို TNLA ရဲမေတွေကို ဖမ်းပြီး သတ်ပစ်တာဟာ တပ်မတော် အနေနဲ့ စစ်သုံ့ပန်းကို မသတ်ဖြတ်ရ ဆိုတဲ့ စည်းမျဉ်းကို ချိုးဖောက်တာ ဖြစ်ကြောင်း မိုင်အိုက်ကျော်က ပြောပါတယ်။

အပစ်ရပ် လက်မှတ် ရေးထိုးမထားသေးတဲ့ TNLA အဖွဲ့ ကိုယ်စားလှယ်တွေ အခု တခေါက် ကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်နေချိန်မှာ ဒီဖြစ်ရပ် ဖြစ်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးအပေါ် တပ်မတော်ရဲ့ လိုလား တောင့်တမှု ဘယ်လို ရှိသလဲ ဆိုတာ ပေါ်လွင် သိသာတယ်လို့ ဆိုပါတယ်။

တပ်မတော်ဘက်ကတော့ TNLAရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တုံ့ပြန် ပြောဆိုတာမျိုး မရှိသေးပါဘူး။