ရခိုင်ဖွံ့ဖြိုးရေး နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ မြန်မြန်စနိုင်ဖို့ ပြင်နေပြီ

ဓာတ်ပုံ မူပိုင် Prof Win Myat Aye Facebook
Image caption ရခိုင်ပြည်နယ်ရောက် လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး ( ရှေ့တန်းက တိုက်ပုံအပြာ မျက်မှန်နဲ့ )

ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် အတွင်းက စီးပွားရေး စီမံကိန်းတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ စဖို့ ထိုင်း နိုင်ငံ၊ စီပွားရေး သုတေသနေနဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ အင်စတီကျု့(Institute of Business Economic Research and Development ) အဖွဲ့ဟာ ရခိုင်ပြည်နယ် လူမှု စီးပွား ဖွံဖြိုးတိုးတက်ရေး ကော်မတီ နဲ့ ရင်းနှီးမြုပ်နှံမှု ကော်မရှင်တို့ကို တွေ့ပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေဟာ မြန်မာ ရင်းနှီးမြုပ်နှံမှုကော်မရှင် ဥက္ကဌ ဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တို့နဲ့ တွေ့ပြီးတော့ ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြုပ်နှံမှုနဲ့ ဆက်စပ်တဲ့ ကနဦး လေ့လာ စမ်းစစ်မှု ပိုင်းလော့ ပရောဂျတ်တွေ စဖို့ကို အဓိကထားဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

စွမ်းအင်ကဏ္ဍ လို ရင်းနှီးမြုပ်နှံမှု လုပ်ငန်းကြီးတွေအပါအဝင် ငါးမွေးမြူရေး၊ ပင်လယ်စာနဲ့ အအေးခန်း စတဲ့ စီမံကိန်းတွေကို မကြာခင်စဖို့ ဆွေးနွေးခဲ့ကြတယ်ဆိုပြီးတော့ တွေ့ဆုံပွဲမှာ ဦးဆောင်ပါခဲ့တဲ့ ရခိုင်ပြည်နယ် လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ဒုက္ကဌ ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ထိုင်းနိုင်ငံက လာရောက်တဲ့ အဲဒီ အဖွဲ့ထဲမှာ အဖွဲ့ ဥက္ကဌ ၊ အဖွဲ့၀င်တွေ ၊ စီးပွားရေး လုပ်ငန်းရှင်တွေ ၊ ဖောင်ဒေးရှင်းလို အဖွဲ့တွေကို ကိုယ်စားပြုသူတွေ ပါပြီး သူတို့တွေက ပြည့်ဖြိုးမြဲ စွမ်းအင် ထုတ်ဖို့ ကိစ္စ ၊ ငါးမွေးမြူရေး ၊ ပင်လယ်စာနဲ့ အအေးခန်း လုပ်ငန်းတွေ ၊ ပတ်ဝန်ကျင်း ထိန်းသိမ်း စီမံခန့်ခွဲရေး နဲ့ ပြည်ပရောက် လုပ်သားတွေ ငွေပြောင်း ငွေလွှဲ လုပ်ပေးတဲ့ E- Wallet ငွေလွှဲပြောင်းရေး ၀န်ဆောင်မှု လုပ်တဲ့ ကိစ္စတွေ အပြင် နှစ်နိုင်ငံ နယ်စပ် ရင်းနှီးမြုပ်နှံမှု ကိစ္စတွေ ဆွေးနွေးကာ မကြာခင် ဒီကဏ္ဍတွေကို စတင် အကောင်အထည် ဖော်တော့မှာ ဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် MOI
Image caption ရခိုင်ဒေသဖွံ့ဖြိုးရေး ကုလအဖွဲ့တွေနဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးစဉ်

လောလောဆယ်ရခိုင်ပြည်နယ်ထဲမှာ လုပ်ကိုင်ခွင့်ပါမစ်ပေးထားတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းပေါင်း ၂၉ ခုရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀.၅ ဘီလျံ ရှိတယ်လို့ ရင်နှီးမြုပ်နှံမှုကော်မရှင်က ပြောပါတယ်။

သတ္တုလုပ်ငန်း ကမ်းလွန်ရေနံလုပ်ငန်း တွေ လုပ်ကိုင်ခွင့်ပေးထားပြီး အခုတော့ လုပ်ငန်းသစ်တွေထပ်ချဖို့ အစိုးရက ပြင်နေတာ ဖြစ်ပါတယ်။

ဒီရင်းနှီးမြုပ်နှံမှုတွေကိုလည်း ထိုင်း ဂျပန် နဲ့ တရုတ်နိုင်ငံတွေနဲ့ လုပ်ကိုင်မှာ ဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ စီမံကိန်း အဆိုပြုလွှာတွေ လက်ခံတော့မယ်ဆိုပြီး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောပါတယ်။

စီမံကိန်းတွေကို ရက်ပိုင်း အတွင်း စဖို့ အဆိုပြုလွှာတွေ တင်တော့မှာ ဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ စတင် လုပ်ဆောင် နေသလို ဂျပန်နဲ့ တရုတ် တို့နဲ့လည်း ဆောင်ရွက်ထားတာတွေ ရှိကြောင်း ၊ ဒါတွေက သံရုံးနဲ့ နိုင်ငံခြားရေး ၀န်ကြီး ဌာနတွေက တဆင့် အဆိုပြုလွှာတွေ ရောက်လာပြီးတာနဲ့ ဒါကို အောက်ခြေမှာ သွားဖို့ Focal Person တွေ ထည့်လိုက်ပြီး ပထမ အကြိမ်မှာ အစိုးရကလည်း ပါဝင်မှာ ဖြစ်ကြောင်း ၊ ပြီးရင် သက်ဆိုင်ရာ ပြည်နယ် အစိုးရတွေ ၊ လွှတ်တော် နဲ့ ဒေသခံတွေ ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အကြေအလည် ညှိနှိုင်း ဆွေးနွေးပြီးမှ ဆက်လက် လုပ်ဆောင်မှာ ဖြစ်ကြောင်း ဒေါက်တာ ၀င်းမြတ်အေးက ရှင်းပြခဲ့ပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်လို့ စွပ်စွဲမှုတွေ ကြုံနေရပြီး ဘင်္ဂလားဒေ့ရှ်ဖက်အခြမ်းထွက်ပြေးတိမ်းရှောင်တဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာရေး ကိစ္စကလည်း အခုထက်တိုင်ဆွေးနွေးရဆဲ ဖြစ်ပါတယ်။

အဲဒီလို အချိန်မှာ ထွက်ပြေးတိမ်းရှောင်သူတွေနေထိုင်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းဒေသတွေအပါအဝင် ရခိုင်တပြည်နယ်လုံး လူမှုစီးပွား ဖွံဖြိုးတိုးတက်ဖို့အရေး နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု တွေ မြန်မြန်စနိုင်ဖို့ ပြင်ဆင်နေရတာပါလို့ ဒေါက်တာဝင်းမြတ်အေးကပြောနေပါတယ်။