အာဇာနည်တွေ မျှော်မှန်းတဲ့ တိုင်းပြည်ဖြစ်ဖို့ ညီညွတ်ကြရန် တပ်ချုပ်တိုက်တွန်း

ဓာတ်ပုံ မူပိုင် Khin Maung Win- Shwe Inn Thar
Image caption ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတက်ရောက်လာတဲ့ တပ်ချုပ်မင်းအောင်လှိုင်

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ခေါင်းဆောင်တွေ ကြိုးပမ်းအားထုတ်ခဲ့ပြီး သူတို့မျှော်မှန်းခဲ့တဲ့ တိုင်းပြည်မျိုးဖြစ်အောင် အားလုံးက စည်းလုံးညီညွတ်မှုရှိရှိ ဝိုင်းဝန်း ကြိုးပမ်းအားထုတ်ဖို့ လိုတယ်လို့ ရန်ကုန်မှာ ဇူလိုင်လ ၁၉ ရက်နေ့က ကျင်းပတဲ့ ၇၁ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။

'ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်တွေကြိုးပမ်းအားထုတ်ခဲ့တဲ့ စည်းလုံးညီညွတ်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်အောင် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံး ညီညီညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမယ်လို့ မြင်ပါတယ်' လို့ အာဇာနည်ခေါင်းဆောင်တွေကို လွမ်းသူ့ပန်းခွေချ အလေးပြုမှု မပြုလုပ်ခင်မှာ သတင်းမီဒီယာတွေကို ပြောပါတယ်။

တိုင်းပြည်အတွက် စည်းလုံးညီညွတ်မှု တည်ဆောက်ရာမှာ မျှတတဲ့ စိတ်လည်း ရှိဖို့လိုပြီး လိုချင်တာပဲ အတင်းလုပ်နေမယ်ဆိုရင် ညီညွတ်မှုက မဖြစ်နိုင်ဘဲ ညီညွတ်ရေးတည်ဆောက်ရာမှာ အားလုံးကို ခြုံငုံကြည့်ဖို့ လိုအပ်တယ်လို့ တပ်ချုပ်က ပြောပါတယ်။

တိုင်းပြည်အခြေအနေကို တခြားနိုင်ငံတွေရဲ့ တိုးတက်မှုနဲ့ နှိုင်းယှာဉ်ကြည့်ကြဖို့ လိုနေပြီး တယောက်တပေါက်လုပ်နေပါက တည်ငြိမ်အေးချမ်းမှာမဟုတ်ဘူးလို့ ထင်မြင်မိကြောင်းနဲ့ တိုင်းပြည်ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားကြဖို့ လိုတယ်လို့လည်း တပ်ချုပ်မင်းအောင်လှိုင်က ပြောပါတယ်။

တပ်ချုပ်မိန့်ခွန်းက တဝက်မှန်တယ် တဝက်မှားလို့ဆိုနိုင်ပြီး ညီညွတ်မှ အလုပ်လုပ်နိုင်မယ်ဆိုတဲ့ အချက်ဟာ မှန်ပေမယ့်လည်း လိုချင်တာတွေပဲ မတောင်းဆိုနဲ့ ဆိုတဲ့ကိစ္စဟာ မကြာခဏ ပြောနေတဲ့ စကားဖြစ်သလို ပေးရမယ့်သူဘက်က စဉ်းစားသလိုဖြစ်နေတယ်လို့ သတင်းစာဆရာတဦးဖြစ်တဲ့ ကိုသီဟသွေးက ထောက်ပြပါတယ်။

မဖြစ်နိုင်တာဆိုတာ ဘယ်ကိစ္စလဲ လိုချင်တာဆိုတာ ဘယ်အရာလဲဆိုတဲ့ ကိစ္စတွေက ကျယ်ပြန့်တဲ့ ကိစ္စဖြစ်သလို တညီတညွတ်တည်းဖြစ်ဖို့ဆိုရင် အဲဒီဖြစ်နိုင်မဖြစ်နိုင်ကိစ္စတွေကို တဦး တယောက်အတွက် အဓိပ္ပာယ်ဖွင့်ဆိုမှာလား ၊ အဖွဲ့အစည်းအတွက်ပဲ ဖွင့်ဆိုမလား ၊ ပါတီအတွက် ဒါမှမဟုတ် တိုင်းရင်းသားပြည်သူအားလုံးအတွက် အဓိပ္ပာယ်ဖွင့်ဆို မလားဆိုတာ အရေးကြီးတဲ့ ကိစ္စဖြစ်ပြီး တပ်အနေနဲ့ ညီညွတ်ရေးအတွက် အလုပ်ဖြစ်နိုင်မယ့်လမ်းကြောင်းကိုလည်း ကြိုတင်ပိုင်းဖြတ်စဉ်းစားထားဖို့ လိုတယ်လို့ ကိုသီဟသွေးက မှတ်ချက်ပြုပါတယ်။

ငြိမ်းချမ်းရေး ကိစ္စတွေမှာ မဖြစ်နိုင်တာတွေ မတောင်းဆိုဖို့ဆိုပြီး တပ်ချုပ်က မကြာခဏသတိပေးလေ့ရှိပြီး အားလုံး မြန်မာစိတ်မွေးကြဖို့ ၂၀၁၈ ခုနစ် မတ်လက ကျင်းပခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ တပ်မတော် ဗိုလ်သင်တန်းဆင်းပွဲ မိန့်ခွန်း တခုမှာတော့ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ် လို့ ဆိုထားပြီး စစ်သားသာလျှင် နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မထားဖို့ ပြောဆိုခဲ့ဖူးပါတယ်။

ဓာတ်ပုံ မူပိုင် Khin Mg Win - Shwe Inn Thar
Image caption ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတက်ရောက်လာတဲ့ တပ်ချုပ်မင်းအောင်လှိုင်

ဒီသတင်းနဲ့ပတ်သက်သမျှ