ဂူထဲပိတ်မိခဲ့တဲ့ ဝတိုင်းရင်းသား အိုက်ဒူ (ခ) အိုက်လူး အိမ်ပြန်ရောက်

ဓာတ်ပုံ မူပိုင် Go Shing Maung's Facebook
Image caption ဝ လူငယ် အိုက်ဒူကို ကြိုဆိုသူတွေနဲ့ အတူတွေ့ရစဉ်

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့က ထမ့်လွန်ဂူထဲမှာ ၁၈ ရက်ကြာပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းသား ဝတိုင်းရင်းသား အိုက်လူး ခေါ် အိုက်ဒူ က မနေ့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေမှာ အိမ်ပြန်ရောက်ပြီး ဆွေမျိုးနဲ့သူငယ်ချင်းတွေကို နှုတ်ဆက်စကားပြောဆိုခဲ့ပါတယ်။

အိုက်ဒူ နေထိုင်တဲ့ မယ်ဆိုင်မြို့က ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းမှာ မနေ့ညက သူငယ်ချင်းနဲ့ ဘုရားကျောင်းလူကြီးတွေက သူ့ကို လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ခဲ့ပြီး သူစားချင်တဲ့ KFC ကြက်သားကျော်ကိုလည်းကျွေးခဲ့တယ်လို့ အိုက်ဒူအုပ်ထိန်းသူဖြစ်တဲ့ သင်းအုပ်ဆရာ ဂိုရှင်းမောင် က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဓာတ်ပုံနဲ့တကွ ရေးသားဖေါ်ပြပါတယ်။

အိုက်ဒူရဲ့မိဘတွေက မြန်မာနိုင်ငံရှမ်းပြည်နယ်မှာနေထိုင်တဲ့ တောင်ပေါ်ဝတိုင်းရင်းသားတွေပါ။ အမေဖြစ်သူက အိုက်ဒူကို ဘုရားကျောင်းမှာ အသက် ၄ နှစ်အရွယ်ကတည်းအပ်ခဲ့တာပါ။

ထိုင်းနိုင်ငံမှာဆိုရင် ပညာရေးအခွင့်အလမ်းပိုမိုကောင်းမွန်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဘုရားကျောင်း မှာ အပ်ထားခဲ့တာလို့ သင်းအုပ်ဆရာ ဂိုရှင်းမောင် က ပြောပါတယ်။

ဂူထဲမှာ နှစ်ပတ်ကျော်ပိတ်မိခဲ့တဲ့ ထိုင်းလူငယ်တောဝက်ဘောလုံးအသင်းသား ၁၂ ယောက်နဲ့ သူတို့ရဲ့အကူနည်းပြက မနေ့ညက ချင်းရိုင်ဆေးရုံကဆင်းပြီးအိမ်ပြန်ခဲ့ကြပါတယ်။

  • ဆေးရုံကဆင်းပြီး ခွဲခွာချိန်

ဆေးရုံကမဆင်းခင် အိုက်ဒူ က ဂူထဲမှာပိတ်မိခဲ့ရက်ကစပြီး အခုချိန်ထိ တောဝက်အသင်းသားတွေ ကို ကူညီစောင့်ရှောက်ခဲ့သူအားလုံးကို ချစ်တယ်၊ ကျေးဇူးလည်းတင်တယ်လို့ ပြောပါတယ်။

ဆေးရုံမှာ အိုက်ဒူ က "ဂူထဲမှာပိတ်မိတုန်းက ကျွန်တော်တို့ အဆင်ပြေရဲ့လား၊ တစ်ခုခုဖြစ်မ လားဆိုပြီး စိတ်ပူခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတယ်။ ဘယ်လိုပြောရမှန်းတောင်မသိဘူး။ အခုတော့ ကျွန်တော်တို့တွေ ခွဲခွာရတော့မယ်။ ကျွန်တော်တို့ ဘယ်တော့ပြန်တွေ့ကြမလဲ ဆိုတာလည်း မသိနိုင်ဘူး။ ကံတရား ပေါ်မှာပဲမူတည်မယ်။ အားလုံးနဲ့ပြန်ဆုံချင်သေးတယ်။ အားလုံးကို ကျွန်တော်ချစ်တယ်။ ဆရာဝန်၊ ဆရာမနဲ့ ကူညီသူတွေရဲ့ မေတ္တာစေတနာတွေ ကျွန်တော့်နှလုံးသားထဲမှာ ကျန်ရစ်သွားခဲ့ပြီ။"

အိုက်ဒူ ဟာ တောဝက်အသင်းသားထဲမှာ လူချစ်လူခင်ပေါတဲ့ကလေးလို့သိရပါတယ်။ သူ့ကိုကြို ဆိုဖို့ ကျောင်းကသူငယ်ချင်းတွေလည်း သူ့အတွက် စက္ကူကြိုးကြာဌက်အကောင်တစ်ထောင် ပြုလုပ်ထားပါတယ်။

အိုက်ဒူ ဟာ ချင်းရိုင်ခရိုင်က မယ်ဆိုင်မြို့မှာ ၁၀ နှစ်ကျော်နေထိုင်ခဲ့ပြီး မိဘနဲ့လည်းဝေးနေခဲ့ရပါ တယ်။ မိခင်ဖြစ်သူက ထိုင်းမှာပညာသင်ဖို့ အိုက်ဒူကို ဘုရားကျောင်းမှာအပ်ထားခဲ့လို့ မြန်မာပြည် ကမိသားစုနဲ့ ဖုန်း၊ စာနဲ့တဆင့်အဆက်အသွယ်ရှိပေမယ့် လူချင်းမတွေ့ရတာ ၁၀ နှစ်လောက်ရှိပြီး လို့ အုပ်ထိန်းသူဆရာ ဂိုရှင်းမောင် က ပြောပါတယ်။ ဂူအပြင်ပြန်ရောက်ပြီးနောက် ၁၀ နှစ်ကြာ အနေဝေးခဲ့တဲ့ သူ့ရဲ့မိခင်နဲ့တွေ့ဆုံခွင့်ရခဲ့တာဟာ အဆိုးထဲကအကောင်းလို့ သင်းအုပ်ဆရာက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Yex kap htane
Image caption ဝ တိုင်းရင်းသားရိုးရာဝတ်စုံနဲ့ အတူ

အိုက်ဒူနဲ့အတူ ဂူထဲမှာပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းရဲ့အကူနည်းပြ အေကဖွန်း ချာသာဝုန်း ကလည်း မြန်မာနိုင်ငံက ရှမ်းလူမျိုးဖြစ်ပြီး တာချီလိတ်က အဖွားဖြစ်သူကို စောင့်ရှောက်နေပါတယ်။ ဂူထဲထွက်လာပြီးနောက် ထိုင်းနိုင်ငံသားမှတ်ပုံတင်ရဖို့ ထိုင်းအာဏာပိုင်ကလည်း စီစဉ်နေတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံသားဖြစ်ရေးကို ဥပဒေလမ်းကြောင်းအရ ကူညီနိုင်ဖို့ သူတို့ရဲ့ကိုယ်ရေးအချက်အလက် မှတ်တမ်းတွေကို ထိုင်းအာဏာပိုင်က စုံစမ်းစုဆောင်းနေတယ်လို့ နည်းပြနဲ့ရင်းနှီးတဲ့ မယ်ဆိုင်မြို့ က ကျောင်းထိုင်ဘုန်းကြီးတပါး ဖြစ်တဲ့ ဆရာတော် ဖရာခရူ ပရာယု ချဲတီယာနူကာ က ဘီဘီစီကို မိန့်ပါတယ်။

ဂူထဲမှာပိတ်မိခဲ့တဲ့အထဲမှာ နည်းပြအေကဖွန်း၊ အိုက်ဒူ နဲ့အဖေါ်တစ်ယောက်ဟာ ထိုင်းနိုင်ငံမှာ နိုင်ငံမဲ့အဖြစ်နေထိုင်နေတယ် လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။