ပြည်မကို သွားတာမဟုတ်တဲ့ အတွက် နယ်ကျော်တာမဟုတ်ဘူးလို့ RCSS ပြော

ဓာတ်ပုံ မူပိုင် Aung Moe Myint
Image caption RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်း ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်

အာစီအက်စ်အက်စ် တပ်တွေအနေနဲ့ ပြည်မ ကို သွားရောက်တာ မဟုတ်တဲ့အတွက် စစ်တပ်အနေနဲ့ RCSS နယ်မြေကျူးကျော်တယ်လို့ မသုံးစွဲသင့်ကြောင်း RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်း ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ရှမ်းမီဒီယာတခုနဲ့ ရုပ်သံတွေ့ဆုံ မေးမြန်းခန်းမှာ ပြောပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်က တန့်နေပြီး ဒါဟာ တပ်မတော်ကြောင့် ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က အခုရက်ပိုင်းမှာ ပြုလုပ်တဲ့ ရုပ်သံတွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။

စစ်တပ်က အန်စီအေ အပစ်ရပ်စာချုပ်အတိုင်း မလုပ်ဆောင်သလို အပစ်ရပ်ပြီးလို့ နိုင်ငံရေး ဆွေးနွေးနေတယ်ဆိုပေမယ့် အင်အားသုံးပြီး မကြာခဏလာတိုက်နေတယ်။ ကျွန်တော်တို့ဘက်က စတိုက်တာ မရှိပေမယ့် သူတို့ကဘဲ လာလာတိုက်နေတယ် လို့ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

သူတို့က ကျွန်တော်တို့ကို နယ်မြေကျူးကျော်တယ်ဆိုပြီးပြောတယ်။ ဘယ်နေရာမှာ နေရမယ်ဆိုတာ ဆုံးမှ မဆုံးဖြတ်ရသေးတာ။ ရှမ်းတပ်က ရှမ်းပြည်အတွက်အလုပ်လုပ်တော့ ရှမ်းပြည်ထဲသွားလာနေတာပဲ။ ဗမာပြည်ကို သွားမရှုပ်ဘူး သွားလည်းမသွားဘူး။ ဒါကိုဘာလို့ နယ်မြေကျူးကျော်တယ်လို့ ပြောတာလဲ လို့ဆိုပြီး ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုနေတဲ့ ရုပ်သံကို သျှမ်းသံတော်ဆင့် သတင်းက ဖော်ပြခဲ့ပါတယ်။

ဇူလိုင်ပထမအပတ်က ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အစိုးရ ၊ တပ် ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးမှာ ရှမ်းပြည်အနှံ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တပ်တွေကို ထိုင်းနယ်စပ် မုန်းထော့ မုန်းထားဒေသကို ပြန်ဆုတ်ဖို့ စစ်တပ်ဘက်က ညွှန်ကြားခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အပစ်ရပ် အာစီအက်စ်အက်စ်နဲ့ စစ်တပ်အကြား တင်းမာမှု အချို့ရှိခဲ့ပြီး ရှမ်းပြည်အလယ်ပိုင်းက မိုင်းကိုင် ဒေသမှာ တိုက်ပွဲတွေ ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ အပတ်ထဲမှာ မိုင်းကိုင် ဟမ်းငိုင်းဒေသဘက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသခံ ၁၀ဝ၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ဇူလိုင် ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့ တို့မှာလည်း မိုင်းကိုင် ဝမ်စပ် ဖတ်ဖိတ် ဒေသမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အန်စီအေမှာ ၂၀၁၅ ကတည်းက လက်မှတ်ထိုးခဲ့တဲ့ အာစီအက်စ်အက်စ်ဟာ အန်စီအေအရ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ နိုင်ငံရေး ဆွေးနွေးပွဲတွေအပေါ် အတော်လေးမျှော်လင့်ချက် ထားခဲ့တဲ့ အဖွဲ့ဖြစ်တယ်လို့ အကဲခတ်တွေက ဆိုကြပါတယ်။

ဒါပေမယ့် လတ်တလော ကျင်းပသွားခဲ့တဲ့ ညီလာခံဟာ နိုင်ငံရေးနဲ့ လုံခြုံရေးလိုကိစ္စတွေမှာ အဓိက ကျတဲ့အချက်တွေမဆွေးနွေးနိုင်ခဲ့ပါဘူး။

ဒါကြောင့်လည်း သူ့အနေနဲ့ ၂၁ ပင်လုံ တတိယ အကြိမ်ဆွေးနွေးပွဲကို ကိုယ်တိုင်မတက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

လတ်တလော နေပြည်တော်မှာ လုပ်ခဲ့တဲ့ ၂၁ ပင်လုံ တတိယအကြိမ်အစည်းအဝေးကိုတော့ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဒီညီလာခံဟာ အကျိုးမရှိတဲ့ ညီလာခံသာဖြစ်ပြီး အစိုးရက နာမည်ယူအမြတ်ထုတ်တဲ့ ညီလာခံဖြစ်သလို ပြည်သူနဲ့ ကမ္ဘာကို လှည့်စားပြီး သိက္ခာဆယ်တဲ့ ညီလာခံသာဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

သူ့တပ်ဖွဲ့က ၂၁ ပင်လုံ သွားတက်ပေမယ့် သူကိုယ်တိုင်ကတော့ မတက်ခဲ့ပါဘူး။

၂၁ ပင်လုံတတိယအကြိမ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းမှာ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ပြည်သူကို ကိုယ်စားမပြုဘဲ တပ်မတော်ကသာ ပြည်သူအားလုံးကို ကိုယ်စားပြုတယ်လို့ ဆိုခဲ့တာပါ။

အဲဒီကိစ္စအပေါ်မှာတော့' ဒါကတော့ သူပြောချင်တာ ပြောနေတာပဲလေ ၊ သမိုင်းဆိုတာ ပြည်သူကိုလိမ်လို့မရပါဘူး။ ' လို့ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

အပစ်ရပ်အဖွဲ့တွေအနက် အာစီအက်စ်အက်စ်ဟာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားမှု အများဆုံးအဖွဲ့လည်း ဖြစ်ပါတယ်။