ဗိုလ်ချုပ်အောင်ဆန်း နာမည်ကို အသုံးချတာ မကြိုက်သူတွေက အရင်လို မပူးပေါင်းတော့

Image caption ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို အတင်းအကြပ် စိုက်ထူဖို့ စီစဉ်လို့ ဆိုပြီး ကရင်နီ တိုင်းရင်းသားတွေက အစိုးရ လုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားကို သပိတ်မှောက်

၇၁ နှစ်မြောက် အာဇာနည်နေ့ကို နိုင်ငံတဝန်း နေရာ အတော်များများမှာ ကျင်းပကြပေမယ့် တိုင်းရင်းသားဒေသ တချို့မှာ ဗိုလ်ချုပ်အောင်ဆန်း နာမည်ကို အသုံးချတာ မကြိုက်သူတွေက အရင်လို မပူးပေါင်းခဲ့ကြပါဘူး။

ကယားပြည်နယ် လွိုင်ကော်မြို့မှာ အရင်ကတည်းက ရှိခဲ့တဲ့ အာဇာနည် ကျောက်တိုင်မှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ စည်ကားအောင် ပြည်နယ် အစိုးရက ဦးဆောင်ပြီး အာဇာနည်နေ့ကို စည်စည်ကားကား ကျင်းပခဲ့ပါတယ်။

ဒါပေမယ့် ဒေသခံတွေ ဆန္ဒ မပါဘဲ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို အတင်းအကြပ် စိုက်ထူဖို့ စီစဉ်လို့ ဆိုပြီး ကရင်နီ တိုင်းရင်းသားတွေက အစိုးရ လုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားကို သပိတ်မှောက်ပြီး သွားမတက်ကြတာတွေ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption တိုင်းရင်းသား ဒေသတွေမှာ ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူတာကို ကန့်ကွက်မှုတွေ ရှိ

လွိုင်ကော်နဲ့ ဖရူးဆိုးမြို့တွေမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို ကန့်ကွက်တဲ့အတွက် ဖမ်းဆီး တရားစွဲခံရသူ ဦးရေဟာ ၂၁ ဦး ရှိနေပြီလို့ တိုးတက်သော ကရင်နီ ပြည်သူ့ အင်အားစုရဲ့ ကော်မတီဝင် ခွန်းဂျွန်ပေါက ပြောပါတယ်။

အလားတူပဲ ဘီလူးချောင်း တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ နာမည်ပေးတာကို ဒေသခံတွေ ကန့်ကွက်တဲ့ ကြားက လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ် အတည်ပြုခဲ့တာကြောင့် မွန်ပြည်နယ်မှာလည်း တိုင်းရင်းသား၊ နိုင်ငံရေး အင်အားစုတွေက အစိုးရ ကြီးမှူး ပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားကို မတက်ဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။

မွန်နိုင်ငံရေး ခေါင်းဆောင် တယောက် ဖြစ်တဲ့ ဒေါက်တာ အောင်နိုင်ဦးက ချစ်ကြည် ရင်းနှီးရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး အတွက် အင်အားများတဲ့ တိုင်းရင်းသားတွေ အနေနဲ့ ကိုယ့်ခေါင်းဆောင်ကို အလေးထားသလို သူများ ခေါင်းဆောင်ကိုလည်း အလေးထားတတ်ဖို့၊ ဒီလိုမှ မဟုတ်ဘဲ ကိုယ့်ခေါင်းဆောင်ကိုပဲ ရှေ့တန်း တင်ပြီး နိုင်ငံရေး အတွက် အသုံးချနေရင် ရေရှည်မှာ မလွယ်ဘူးလို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာလည်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို အများဆန္ဒ မဟုတ်ပဲ စိုက်လို့ ဆိုပြီး နာဂ အရပ်ဖက် အဖွဲ့အစည်း တချို့က ဖွင့်ပွဲ အခမ်းအနားမှာ နာဂဝတ်စုံတွေ မဝတ်ဖို့ ကန့်ကွက်ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။