နှုတ်ပြော သမိုင်းတွေကို စာအုပ်အသွင်မြင်ရပြီ

ဓာတ်ပုံ မူပိုင် of peaceful days Facebook
Image caption မတူညီမှုတွေကြားက အတူလက်တွဲခဲ့တာတွေကို ဖော်ထုတ်ရေးသားထားတဲ့ စာအုပ်

ငြိမ်းချမ်းခဲ့သော နေ့ရက်များ ဆိုတဲ့ စာအုပ်ကို သုတေသန နဲ့ ရသ ပေါင်းစပ် ဖန်တီးပြီး မြန်မာပြည်မှာ ထုတ်ဝေ လိုက်ပါတယ်။

ဒီစာအုပ်ဟာ မြန်မာနိုင်ငံမှာ ကိုးကွယ်ရာ ဘာသာမတူတဲ့ လူမှုအသိုင်းအဝိုင်းတွေ ၊ လူမျိုးမတူသူတွေ အတူတကွ သဟဇာတ ရှိရှိ နေခဲ့ကြတဲ့ ကာလတွေ ကို ပြန်ပြောကြတဲ့ နှုတ်ပြော သမိုင်းတွေကို စုစည်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံ အရပ်ရပ် က နေရာတချို့ကို သွားပြီး လူမှုအသိုင်းအဝိုင်းအမျိုးမျိုး က လူတွေ ဆီကို သုတေသီတွေ က ချဉ်းကပ် မေးမြန်းပြီး သူတို့ ရဲ့ နှုတ်ပြောသမိုင်းတွေ Oral History ကို စုစည်းခဲ့ကြပါတယ်။

အဖြစ်မှန်တွေ ကို ရသ မြောက်အောင် သူတို့ ဒီစာအုပ် ကို အနုပညာရှင်တွေ အကူအညီ ယူပြီး ထုဆစ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ အရပ်ရပ် နေရာပေါင်း ၆ ခု လောက် က လူပေါင်း ၁၈၀ ကို မေးပြီး ပြည့်ပြည့်စုံစုံ သေသေချာချာ ပြောနိုင်သူ အယောက် ၆၀ ကို ထပ်မံ ရွေးထုတ်ကာ ဒါတွေကို စာရေးဆရာတွေဆီ ပို့ ၊ ဖတ်ခိုင်းပြီး ထွက်ပေါ် လာတဲ့ ခံစားချက်ပေါ်မှာ ရသစာတမ်း ရေးပေးပါလို့ တောင်းခံခဲ့တာ ဖြစ်ကြောင်း ဒီစာအုပ်အတွက် သုတေသီ အဖွဲ့ရဲ့ တာဝန်ခံ မဖြူဖြူသီ က ပြောပါတယ်။

ဒီ နှုတ်ပြောသမိုင်းတွေ ကို အနုပညာ အရဖန်တီးပေးဖို့ စမ်းစမ်းနွဲ့သာယာဝတီ၊ မင်းကိုနိုင်၊ နေဘုန်းလတ်၊ဟန်ဆန်း၊ မောင်ဆောင်းခ စတဲ့ စာရေးဆရာ တွေ နဲ့ အတူ အကူအညီ ပေးဖို့ တောင်းခံရတဲ့ စာရေးဆရာတွေ ထဲ မသီတာ စမ်းချောင်းလည်း ပါဝင် ပါတယ်။

ဓာတ်ပုံ မူပိုင် of peaceful days Facebook
Image caption နှုတ်ပြောသမိုင်းကို စာသမိုင်းတွင်စေတဲ့ စာအုပ်မိတ်ဆက်ပွဲ

သမိုင်းတလျှောက် လူမှု အဖွဲ့အစည်းထဲမှာ သဟဇာတ ဖြစ်ခဲ့တဲ့ အစဉ်အလာ ရှိခဲ့ပြီး ဒီ သဟဇာတ ဆိုတာကလဲ လူသားဆန်မှု နဲ့ မေတ္တာ တရား အပေါ် အခြေခံ ခဲ့ပြီး လူမျိုး ဘာသာ ခွဲခြား ဆက်ဆံတာမျိုး မရှိခဲ့ဘူး ၊ ဒါကြောင့် ငြိမ်းချမ်းခဲ့တယ် ဆိုတာကို ဒီ နှုတ်ပြော သမိုင်းတွေက မြင်သာအောင် ပြနေတယ်လို့ မသီတာ စမ်းချောင်း က ဆိုပါတယ်။

ဥပမာ ရွာတရွာ မှာဆိုရင် အစ္စလာမ်ကော ဗုဒ္ဓဘာသာဝင်တွေကော နေထိုင်လျက် ရှိပြီး ဥပုသ် နေ့တွေမှာ အစ္စလာမ် ဘာသာ၀င်တွေက ဝိုင်းကူ လုပ်ပေးတာ ရှိခဲ့ကြသလို အစ္စလာမ်ဖက်က ပွဲတော်တွေ ရှိတဲ့ အခါမှာလည်း ဗုဒ္ဓဘာသာ၀င် တွေဖက်က သွားကူတာမျိုးတွေ ရှိခဲ့ကြောင်း ၊ လုပ်ငန်းခွင်မှာ ဆိုလည်း တယောက်နဲ့ တယောက် ယိုင်းပင်း ကူညီ စောင့်ရှောက်တာ တွေ့ရကြောင်း ၊ နိုင်ငံရေး ဖြတ်သန်းမှု နယ်ပယ်မှာ ဆိုရင်လည်း ၁၉၈၈ လို အချိန်မျိုး ၊ ၂ဝဝရ လို အရေးအခင်း အချိန်အခါတွေမှာ ဘာသာမတူ လူမျိုးမတူပေမယ့် ပေါင်းစည်း နေထိုင်ကာ အရွေ့ အတွက် အတူတကွ ကြိုးစား တိုက်ပွဲ ၀င်ခဲ့ကြောင်း ၊ စသဖြင့် ငြိမ်းချမ်းစွာ ရှိခဲ့ကြတဲ့ အစိတ်အပိုင်း ကာလတွေထဲ က မှတ်မိ စရာလေးတွေကို မဖြူဖြူသီ က ရှင်းပြခဲ့ပါတယ်။

အခု မဖြူဖြူသီ တို့လို သုတေသီ တွေ ၊ မသီတာ စမ်းချောင်းတို့လို အနုပညာရှင်တွေ ရဲ့ အားထုတ်ချက် ကတော့ အတိတ်မှာ ရခဲ့တဲ့ မတူတဲ့ လူမှုအသိုင်းအဝိုင်းတွေ ကြား အေးအေးချမ်းချမ်း သာသာယာယာနဲ့ သဟဇာတ ဖြစ်စွာ နေနိုင်ခဲ့တဲ့ နေ့ရက်တွေကို သတိရအောက်မေ့ပြီး အလားတူ နေ့ရက်တွေ မဝေးကွာတဲ့ အနာဂတ်မှာ ပေါ်လာစေဖို့ အားထုတ်မှုတွေကို ဖော်ညွှန်းလျက် ရှိပါတယ်။

အဲဒီ ရက်တွေနီးလာပြီလား သူတို့ရဲ့ စာမျက်နှာ ၂၇၀ ကျော် ပါ ငြိမ်းချမ်းခဲ့သော နေ့ရက်များ သို့ ဆိုတဲ့ နှုတ်ပြောသမိုင်း တွေ တော့ အခုအချိန်မှာ စာအုပ် အဖြစ်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။

မဖြူဖြူသီ ရှင်းပြခဲ့တဲ့ ဥပမာထဲကလိုမျိုး ၂၀၀၇ ခုနှစ်တုန်းက လောင်စာဆီစျေး တက်မှု ကြောင့် သံဃာနဲ့ ပြည်သူတွေ ဆန္ဒပြမှု ဖြစ်ခဲ့တဲ့ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု သုံးနှစ်မြောက် အထိမ်းအမှတ် အဖြစ် ရည်ရွယ်ပြီး ထောင်ကျခံရတဲ့ ရဟန်း သံဃာတွေရဲ့ အတွေ့အကြုံတွေကို စုစည်း ဖော်ပြထားတဲ့ စာအုပ်တအုပ်ကို ပြည်ပ ရောက် သံဃာ့ ဥသျှောင်အဖွဲ့က ၂၀၁၁ တုန်းက ထုတ်ဝေခဲ့ဖူးပါတယ်။

သံတိုင်နောက်က မှတ်တမ်းများ ဆိုတဲ့ အဲဒီ စာအုပ်ထဲမှာ ထောင်က လွတ်လာတဲ့ သံဃာတွေနဲ့ ထောင်ထဲမှာ သံဃာတွေနဲ့ အတူနေခဲ့ရသူ တချို့ ရေးသားထားတဲ့ ဆောင်းပါး ၁၁ ပုဒ်ကို စုစည်း ဖော်ပြ ထားတာ ဖြစ်ပါတယ်။

ထောင်ထဲမှာ ရောက်နေတဲ့ သံဃာတွေအပေါ် ထောင်ဝန်ထမ်းတွေရဲ့ ဆက်ဆံပုံ၊ ထောင်ထဲ မှာ သံဃာတွေ နှိပ်စက်ခံရပုံ၊ ပေါ်တာ ထုတ်ခံရပုံတွေကို ကွက်ကွက် ကွင်းကွင်း ရေးထားတာ တွေ့ရ ပါတယ်။

ထောင်ကျနေတဲ့ သံဃာတွေကို သံဃာလို မဆက်ဆံဖို့ အထက်က ညွှန်ကြားထားတာမျိုးတွေ ရှိနေတဲ့အတွက် သာမန်လူကိုတောင် သုံးလေ့ မရှိတဲ့ အယုတ်ညံ့ဆုံး အသုံးအနှုန်းတွေနဲ့ ထောင်ဝန်ထမ်းတွေက ဆဲဆိုတာမျိုးတွေကို ထောင်ကျ သံဃာတွေ ခံရလေ့ ရှိတယ်လို့ အကျဉ်းထောင်ထဲမှာ ၁၆နှစ် နေခဲ့ရပြီး အခုအခါ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ဆောင်းပါးရှင် အသျှင် ဦးဇဝနက ဘီဘီစီကို ပြောပါတယ်။

အဖမ်းခံရ အပြီး ထောက်လှမ်းရေး စခန်းတွေ ရောက်တဲ့အခါ သင်္ဃန်း အချွတ်ခံရပြီး အရင် အကျဉ်းသားတွေ ဝတ်သွားတဲ့ ချွေး သွေးတွေ ပေနေတဲ့ အဝတ်တွေကို သံဃာတွေ ဝတ်ရလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့ အရေးအခင်း အပြီးမှာ အထိန်းသိမ်းခံ ရဟန်း သံဃာတွေ အပေါ် နိုင်ငံရေး ပုဒ်မ လုံးဝ မတပ်တော့ပဲ သာသနာ ညှိုးနွမ်းစေမှု ဆိုတဲ့ ပုဒ်မ ၂၉၅ နဲ့ပဲ တရားစွဲဆိုလေ့ရှိကြောင်း၊ ဒီလို ပုဒ်မ တပ်လိုက်ခြင်းအားဖြင့် အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ သံဃာတွေဟာ နိုင်ငံရေး အကျဉ်းသားတွေ မဟုတ်တော့ပဲ ရိုးရိုး ရာဇဝတ် အကျဉ်းသားတွေ ဖြစ်သွားကြောင်း အသျှင်ဦးဇဝနက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ