ကယားပြည်နယ် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရေး အငြင်းပွားမှုပိုပြင်းထန်

ဓာတ်ပုံ မူပိုင် KNIC
Image caption ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရေး အငြင်းပွားမှုပိုပြင်းထန်

ကယားပြည်နယ် လွိုင်ကော်မြို့မှာ စိုက်ထူထားရှိဖို့ စီစဉ်ထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်နဲ့ ပတ်သတ်လို့ ပြည်နယ်အစိုးရနဲ့ ဒေသခံ ကရင်နီလူငယ်ထုအကြား ညှိနှိုင်းဆောင်ရွက်နေမှုက အဆင်ပြေမှုမရှိလို့ ညှိနှိုင်းမှုကို ရပ်ဆိုင်းလိုက်ပြီလို့ ကရင်နီလူငယ်တွေက ပြောပါတယ်။

အခုလို ရပ်ဆိုင်းရတာကလည်း ကယားပြည်နယ် ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့နဲ့ ၃ ကြိမ်တိုင် တွေ့ဆုံခဲ့အပြီးမှာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ အပြုအမှုတွေက ညှိနှိုင်းဆောင်ရွက်တာ မဟုတ်ဘဲ တစ်ဘက်သတ်ဆန်တဲ့ ဆွေးနွေးဆုံးဖြတ်ချက်တွေသာ လုပ်ဆောင်နေတယ်လို့ ကရင်နီလူငယ်အဖွဲ့ ခေါင်းဆောင် ဥတ္တရာအောင်က ပြောပါတယ်။

ဒီနေ့မှာပဲ ၄ ကြိမ်မြောက် တွေ့ဆုံညိနှိုင်းဖို့ ကရင်နီလူငယ် ကိုယ်စားလှယ်အဖွဲ့တွေကို ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အစိုးရအဖွဲ့ကို ဖိတ်ခေါ်ခဲ့ရာမှာ ကရင်နီလူငယ်တွေက သူတို့ရဲ့သဘောထားကို ပြောဆိုခဲ့ပြီး ညှိနှိုင်းမှုကို ရပ်ဆိုင်းအနေနဲ့ အစည်းအဝေခန်းမကနေ ထွက်ခွာခဲ့တယ်လို့ သူတို့တွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် KNIC
Image caption ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရေး အငြင်းပွားမှုပိုပြင်းထန်

ပြည်နယ်အစိုးရရဲ့ လုပ်ရပ်က ဒီမိုကရေစီနည်းလမ်းမကျဘဲ နှောင့်ယှက် ဖိအားပေးတာတွေ၊ ကရင်နီလူငယ်တွေကို စဉ်ဆက်မပြတ် တရားစွဲဆိုတာတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာ မဟုတ်ဘဲ တစ်ဘက်သတ်ဆန်တဲ့ ပဋိပက္ခ ပိုဖြစ်စေလို့ ဆက်မပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ကရင်နီလူငယ်တွေက ပြောပါတယ်။

လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိဖို့ လုပ်ဆောင်နေတာကို ကရင်နီ လက်နက်ကိုင်အဖွဲ့၊ ကရင်နီ ပါတီ၊ စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ အပါအဝင် ကရင်နီလူငယ် အရပ်ဘက် အဖွဲ့အစည်း ၂ဝ လောက်က ကန့်ကွက် ခဲ့ကြပါတယ်။

အဲဒီလိုကန့်ကွက်မှုအပေါ် ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အတွင်း အုပ်ချုပ်ရေးမှုးတွေကနေတဆင့် လူထုသဘောထား ကောက်ယူခဲ့ပါတယ်။

ကရင်နီလူငယ်တွေကလည်း ဗိုလ်ချုပ်ရုပ်ထုနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်တာတွေ၊ ကရင်နီသမိုင်းမှန်ပါ စာဖြန့်ဝေတာတွေ ပြုလုပ်လို့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)(ဂ) ၊ ငြိမ်းစုစည် ဥပဒေ ပုဒ်မ ၁၉၊ ၂၀ တို့နဲ့ တရားစွဲဆိုခဲ့တာ လူငယ် ၂၀ နီးပါရှိပြီလို့ ကရင်နီလူငယ်တွေက ပြောပါတယ်။

ပြည်နယ်အစိုးရရဲ့ သက်တမ်းဟာ ရွေးကောက်ခံရတဲ့ ၅ နှစ်အတွင်းပဲရှိလို့ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေးရဲ့ နောက်ဆက်တွဲ ပြည်နယ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးအတွက် ပြည်နယ်ဝန်ကြီးချုပ်မှာ တာဝန်ရှိနေတယ်လို့လည်း ကရင်နီလူငယ်အဖွဲ့ ခေါင်းဆောင် ဥတ္တရာအောင်က ပြောပါတယ်။

ခုလိုကန့်ကွက်တာဟာ ဗိုလ်ချုပ်အောင်ဆန်းကို မုန်းတီးလို့ မလေးစားလို့ ကန့်ကွက်နေတာ မဟုတ်ဘဲ ပြည်နယ်ရဲ့သမိုင်းမှန်တွေ မပျောက်စေဖို့နဲ့ ကရင်နီတိုင်းရင်းသားတွေရဲ့ အနာဂတ်ရှေ့ရေးအတွက် လုပ်ဆောင်တာဖြစ်လို့ အစိုးရအဖွဲ့ရဲ့ ကြေးရုပ်စိုက်ထူရေး ကိစ္စရပ်ကို ဆက်ကန့်ကွက်မယ်လို့ ကရင်နီလူငယ်တွေက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြန်မာ့အရေးကမ္ဘာ့အရေး ဗိုလ်ချုပ်ရုပ်တု နဲ့ တိုင်းရင်းသား