NCA ပါအချက်တွေကို အတူ ပြန်သုံးသပ်ဖို့ အစိုးရနဲ့ RCSS/SSA သဘောတူ

ဓာတ်ပုံ မူပိုင် RCSS/SSA
Image caption RCSS/SSA နဲ့ အစိုးရအကြား အပစ်ရပ် သဘောတူထားပြီးမှ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် တချို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ KIA ကချင် လွတ်မြောက်ရေး အဖွဲ့နဲ့ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီတို့ ဇူလိုင်လ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

မကြာသေးခင်က နေပြည်တော်မှာ ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပခဲ့ပြီးနောက် အခုလို တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နဲ့ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီတို့ ဆွေးနွေးပွဲမှာ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်ပြီး အစိုးရဘက်က အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနက အတွင်းရေးမှူး အငြိမ်းစား ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဦးဆောင် ခဲ့ပါတယ်။

RCSS/SSA အဖွဲ့ဟာ အစိုးရနဲ့ NCA တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

အခုရက်ပိုင်း အတွင်း ရှမ်းပြည်နယ်မှာ တပ်မတော်နဲ့ RCSS/SSA ၊ တပ်မတော်နဲ့ TNLA တအန်း လွတ်မြောက်ရေး တပ်ဖွဲ့ အကြား တိုက်ပွဲတွေ စိပ်လာပြီး နှစ်ဖက်စလုံး အကျအဆုံးနဲ့ ထိခိုက် ဒဏ်ရာရတာလည်း ရှိပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွား နေတာဟာ အပစ်အခတ် ရပ်စဲရေးသဘောတူချက်ပါ အချက်တွေမှာ နားလည်မှု ကွဲလွဲနေတဲ့ အတွက် ဖြစ်တယ် ဆိုတဲ့အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ အစည်းအဝေးကို ကိုယ်တိုင် တက်ခဲ့တဲ့ RCSS/SSA ရဲ့ အကြံပေး ဦးခွန်ဆိုင်း က ပြောပါတယ်။

အဓိက နားလည်မှု ကွဲလွဲနေတဲ့ အချက်တချက်ကတော့ အပစ်အခတ် ရပ်စဲရေး သဘောတူချက်အရRCSS/SSA တပ်တွေကို ထိုင်းနိုင်ငံနဲ့ ကပ်ရက်က မြို့နယ်ခွဲ ၂ခုကလွဲလို့ ကျန်တဲ့နေရာတွေမှာ မထားရဘူးလို့ တပ်မတော်ဘက်က နားလည်ထားပေမယ့် RCSS/SSA ကတော့ ဒီမြို့နယ်ခွဲတွေမှာ အုပ်ချုပ်ရေးဌာနကိုပဲ ထားရမယ်လို့ နားလည်ထားတာလို့ ဆိုပါတယ်။

တခါ ရှမ်းပြည်နယ်မှာ တပ်မတော်နဲ့ RCSS/SSA အကြား တိုက်ပွဲတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးရတဲ့ အခြေအနေ ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း၊ အဲဒီတိုက်ပွဲတွေ ရပ်တန့်နိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်း အချင်းချင်း ညှိနှိုင်းပြီး အမြန်ဆုံး အပစ်ရပ်ဖို့လိုကြောင်း သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

နှစ်ဘက်အချင်းချင်း အငြင်းအခုန် ဖြစ်လာနေတာ ကြာနေပြီ ဖြစ်ပေမယ့် သေသေချာချာ မျက်နှာချင်းဆိုင် ညှိနှိုင်းတာမျိုး မရှိသေးကြောင်းနဲ့ နှစ်ဘက် အပစ်ရပ် သဘောတူချက်တွေကို ပြန်လည် ပူးတွဲ သုံးသပ်ပြီး တူညီတဲ့ အနက်အဓိပ္ပါယ် ကောက်ယူချက်ကို ရယူဖို့နဲ့ ညှိနှိုင်း သုံးသပ်တဲ့ အစည်းအဝေးကို မြန်မြန်လုပ်ဖို့ သဘောတူခဲ့ကြကြောင်း ဦးခွန်ဆိုင်းက ဘီဘီစီကို ပြောပါတယ်။

အလားတူ အစိုးရ ကိုယ်စားလှယ်တွေက KIO ကချင် လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး KIA နယ်မြေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ထိန်းချုပ်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

KIA နဲ့တွေ့ဆုံပွဲမှာတော့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။

KIA နဲ့ တွေ့ဆုံပွဲမှာလည်း အလားအလာ ကောင်းတယ် ဆိုပေမယ့် ယုံကြည်မှုအပိုင်းမှာ ဆက်ပြီး တည်ဆောက် ရဦးမယ်လို့ အစိုးရ ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။