ဒေါ်လာစျေး ဆက်တက်မယ် လို့ ခန့်မှန်း

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် ဒေါ်လာ နှစ်ဆယ်တန် အုပ်များ

မြန်မာနိုင်ငံမှာ ဇူလိုင်လ ၂၀ ရက်မှာ မြန်မာငွေနဲ့ ဒေါ်လာ လဲနှုန်းက တဒေါ်လာကို ၁၄၂၉ကျပ် ဖြစ်နေပါပြီ။

သင်္ကြန် ကာလ ကတည်းက တရိပ်ရပ်နဲ့ တက်လာခဲ့တဲ့ ဒေါ်လာစျေးက ပြီးခဲ့တဲ့ ဇွန်လက စပြီး ပိုအတက်ကြမ်းလာခဲ့ရာမှာ အခုလပိုင်းမှာ ၁၄၀၀ ကျပ် အထက်ကို ရောက်လာတာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စီးပွားရေး အရမ်းကျနေတပြီး စီးပွားရေး လုပ်ငန်းတွေ အခက်အခဲတွေ ရှိနေကြောင်း ၊ လူတွေ လက်ထဲ ငွေမရှိတော့ဘူး ပြောနေသံတွေ ကြားနေရသလို ၊ တိုင်းပြည်မှာက ထွက်ကုန် ဆိုတာလည်း ဘာမှ တိတိပပ မရှိတဲ့ အတွက် ဒီ ဒေါ်လာစျေးဟာ ရှေ့လျှောက် ထပ်တက်နေအုံးမှာ ဖြစ်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။

ဒီကြားထဲ အမေရိကန် နဲ့ တခြား ကုန်သွယ်ဖက်တွေ ဖြစ်တဲ့ ဥရောပ သမဂ္ဂ ၊ တရုတ်တို့နဲ့ ကုန်သွယ်ရေး စစ်ခင်းကြတဲ့ အတွက် ဒေါ်လာစျေးတက်လာတာ ဖြစ်သလို ၊ တလောကလည်း ဘိန်းစိုက်ခင်းတွေကို တရားဝင် တားမြစ်တာတွေ ၊ မူးယစ်ဆေးနဲ့ ပတ်သက်လို့ ဖမ်းဆီးမှုတွေလုပ်လာတဲ့ အတွက် ဘိန်းမထွက်တော့တာကြောင့် ဒေါ်လာလဲ အရောင်းအဝယ် သိပ်မရှိတော့တာ ဖြစ်နိုင်တယ်လို့ Tour D မြန်မာ ခရီးသွားလုပ်ငန်း ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်လှဒါလီခင် က ပြောပါတယ်။

အခုလို ဒေါ်လာစျေးတက်တဲ့ အတွက် သွင်းကုန်ကို အားထားနေရတဲ့ မြန်မာနိုင်ငံမှာ အားလုံးထိခိုက်လာရကြောင်း ၊ သွင်းကုန် ဆိုတာက ဒေါ်လာစျေးပေါ်မှာ မူတည်နေတဲ့ အတွက် ဒေါ်လာစျေးတက်ရင် သွင်းလာတဲ့ ပစ္စည်းမှန်သမျှ စျေးအကုန် ခုန်တက်တော့ တပြည်လုံး ထိခိုက်ရတယ်လို့ ပြောနိုင်ကြောင်း ၊ တိုင်းပြည်မှာ ကုန်ထုတ် စွမ်းအားကလည်း ဘာမှမရှိ ရှိသမျှလို့ တိုင်းပြည်က ပစ္စည်း အကုန်လုံးက Import မှာဘဲ အားကိုး နေရတဲ့ အတွက် ဒီလို ဒေါ်လာစျေးတက်မှုဟာ အကုန်လုံးကို ရိုက်ခတ်စေတယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် ဒေါ်လာ တရာတန်များ ရေတွက်နေပုံ

သူတို့ အနေနဲ့က ခရီးသွား လုပ်ငန်း လုပ်ကိုင်နေတာ ဖြစ်တဲ့ အတွက် စား၀တ်နေရေး နဲ့ တိုက်ရိုက် မသက်ဆိုင်ပေမယ့် လူတွေကလည်း ပိုက်ဆံ ရှိမှ ခရီးသွားနိုင်မှာ ဖြစ်တဲ့ အတွက် အနည်းနဲ့ အများ ထိခိုက်မှု ရှိသလို ၊ ပြည်ပ ခရီးစဉ်ပိုင်းကို အဓိကထား လုပ်ကိုင်တာကြောင့် လူတွေက ပိုက်ဆံမရှိ ၊ စျေးတွေ တက်တော့ ခရီးသွားဖို့ တွက်နေရတဲ့ အနေအထားမျိုး ရှိလာတယ်လို့ မလှဒါလီခင်က ထောက်ပြခဲ့ပါတယ်။

နှစ်စဉ် ဒီလို မိုးတွင်းရာသီမှာ ဒေါ်လာစျေးတက်လေ့ရှိပြီး နို၀င်ဘာ ဒီဇင်ဘာ အချိန်တွေမှာ ပြန်ကျသွားတက်လေ့ ရှိပေမယ့် ဒီနှစ် တက်တာမျိုးတော့ တခါမှ မကြုံဖူးဘူးလို့ သူက ဆိုပါတယ်။

ဒီပြဿနာကိုကိုင်တွယ် ဖြေရှင်းရာမှာ ဗဟိုဘဏ်က စည်းမျဉ်း စည်းကမ်းနဲ့ ကိုင်တွယ်ရမှာ ဖြစ်သလို စီးပွားရေး ကဏ္ဍကိုလည်း အလေးထား လုပ်ဖို့ လိုမယ်ထင်ကြောင်း ၊ အစိုးရသစ်တက်လာတာမို့ အစောပိုင်းမှာ စီးပွားရေးဘက်ကို ခေါင်းမလှည့်နိုင်တာကို နားလည်ကြောင်း ၊ ဒီလို ဒေါ်လာစျေးတက်တာကလည်း တဉီးတယောက်ထဲ ဖြေရှင်းလို့ မရတဲ့ ပြဿနာ ဖြစ်ကြောင်း ၊ အခုချိန်ကျမှ ချက်ချင်း ထဖြေရှင်းလို့ ရတာမျိုး မဟုတ်ဘဲ ကြိုတင် ကိုင်တွယ် ဖြေရှင်းထားသင့်ကြောင်း သူက ပြောပါတယ်။

စီးပွားရေး အရမ်းကျဆင်းနေပြီး အဆိုးဆုံး အနေအထား ရောက်နေသလို ထုတ်ကုန်ဆိုတာကလည်း မရှိတာကြောင့် ဒေါ်လာစျေး ဆက်တက်မယ်လို့ ခန့်မှန်းနိုင်ကြောင်း သူက သုံးသပ် ပြောကြား သွားခဲ့ပါတယ်။

လက်ရှိ အစိုးရ စတင် တာ၀န်ယူချိန် ၂၀၁၆ နှစ်ဆန်းပိုင်းမှာ ဒေါ်လာစျေးဟာ ၁၃၀၀ ကျပ် ပတ်၀န်းကျင်သာ ရှိခဲ့ရာက အစိုးရသက်တမ်း တ၀က်ကျော်လာချိန်မှာ ၁၄၀၀ကျပ် အထက်ကို တဟုန်ထိုး တက်လာတာ ဖြစ်ပါတယ်။