ရခိုင်အကြံပေးကော်မတီ အတွင်းရေးမှူး ထိုင်းသံအမတ်ဟောင်း နုတ်ထွက်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ထိုင်းဒုတိယဝန်ကြီးချုပ်ဟောင်းနဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်းဖြစ်သူ ဒေါက်တာ ဆူရာကီယတ် ဆတ်သီယာထိုင်းက ဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက်နေတာ ဖြစ်

ကိုဖီအာနန် အကြံပြုချက်တွေကို အကောင်ထည်ဖော်ရေးကော်မတီအတွက် ဖွဲ့စည်းထားတဲ့ အကြံပြုအဖွဲ့မှာ အတွင်းရေးမှူးအဖြစ် တာဝန်ယူနေတဲ့ ထိုင်းသံအမတ်ကြီးဟောင်း Kobsak Chutikul ဟာ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်သွားခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

၂၀၁၇ ဒီဇင်ဘာလက ဖွဲ့စည်းထားတဲ့ အဲဒီအဖွဲ့မှာ ထိုင်းဒုတိယဝန်ကြီးချုပ်ဟောင်းနဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်းဖြစ်သူ ဒေါက်တာ ဆူရာကီယတ် ဆတ်သီယာထိုင်းက ဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။

သူဟာ ဇူလိုင်လ ၁၀ ရက်နေ့က နုတ်ထွက်ခဲ့တာဖြစ်ပြီး အဖွဲ့ဖွဲ့စည်းတာ ၆ လကျော်ခဲ့ပြီဖြစ်ပေမယ့် မယ်မယ်ရရ အောင်မြင်မှုမရှိသလို အဖွဲ့အနေနဲ့ နိုင်ငံတကာ အကူအညီ ရယူရေးနဲ့ ရုံးခန်းဖွင့်ရေးလိုကိစ္စတွေမှာ မြန်မာအစိုးရက ခွင့်မပြုခဲ့ဘူးလို့လည်း သူက ပြောကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

ကော်မတီက ညစာစားပွဲတွေ များများလုပ်ပြီး နေပြည်တော်နဲ့ ဟိုဟိုဒီဒီကို လေယာဉ်နဲ့သွားနေတာပဲရှိပြီး ဘာတွေလုပ်နေတာတွေ့ရသလဲ ဆိုပြီး မစ္စတာ ကော့ဆတ်ချိုတီကူးလ်က မေးခွန်းထုတ်ပါတယ်။

မစ္စတာ ကော့ဆတ်ချိုတီကူလ်းဟာ အာရှငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကောင်စီ အေပီအာရ်စီမှာလည်း အထွေထွေအတွင်းရေးမှူးတာဝန်ထမ်းဆောင်သူဖြစ်ပြီး ထိုင်းပါလီမန်အမတ်ဟောင်းတဦးလည်း ဖြစ်ပါတယ်။

အဲဒီကော်မတီမှာ ပါဝင်တဲ့ မြန်မာလူ့အခွင့်အရေးကော်မရှင်က ဦးဝင်းမရကတော့ အစိုးရက သူတို့ရဲ့ အကြံပြုချက်တွေကို အကောင်ထည်ဖော်နေပြီး တိုးတက်မှုမရှိဘူးလို့ ပြောလို့ မရကြောင်း ရိုက်တာကို ပြောတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အခုလို အတွင်းရေးမှူးတယောက်နုတ်ထွက်သွားမှုအပေါ် အဖွဲ့ခေါင်းဆောင် ထိုင်းဒုတိယ ဝန်ကြီးချုပ်ဟောင်း ဆူရာကီယတ်က တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။ အဲဒီ ကော်မတီမှာ ပါဝင်တဲ့ အမေရိကန် ဝန်ကြီးဟောင်း ဘီလ်ရီချတ်ဆင်ဟာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလက နုတ်ထွက်ခဲ့ပါသေးတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ