ကျပ်ငွေစျေးတွေကျနေတာ ဗဟိုဘဏ် ဘာလုပ်နေလဲ

Image caption ကျပ်ငွေစျေး ကျဆင်းတဲ့ အရေး က ပြည်တွင်းက အကြောင်းရင်းတွေ ထက်စာရင် ပြည်ပက လာတဲ့ အကြောင်းရင်းတွေ နဲ့ ပိုသက်ဆိုင်လိမ့်မယ် လို့ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဘိုဘိုငယ် က ဘီဘီစီ ကို ပြော

မြန်မာ့ကျပ်ငွေတန်ဖိုး က အမေရိကန် ဒေါ်လာ ငွေနဲ့လဲလှယ်တဲ့အခါမှာ ဆက်တိုက်ဆိုသလို ကျဆင်းလာနေတော့ ဘယ်အထိ သက်ရောက် ထိခိုက်လာလေ မလဲဆိုတာ ကို စီးပွားရေး အသိုင်းအဝိုင်း နဲ့ လူအများ အကြား စိုးရိမ်စရာတွေ ဖြစ်လာတာနဲ့ အတူ ဗဟိုဘဏ် က ဒီအရေး အပေါ် ဘာလုပ်မလဲ ဆိုတာကို စောကြောနေကြတာပါ။

ဘီဘီစီ က ဗဟိုဘဏ် ကို မေးမြန်းတော့ ဒီအရေး ကို ဂရုတစိုက် စောင့်ကြည့်နေပါတယ် လို့ ဆိုပါတယ်။

မြန်မာ့ကျပ်ငွေစျေးဟာ ဒီနှစ်အတွင်း ဖေဖော်ဝါရီ လဆန်းပိုင်းလောက် က တဒေါ်လာ ကို ၁၃၃၀ ကျပ် နဲ့ ညီနေရာကနေ ပြီးခဲ့တဲ့ လ တွေ အတွင်း တဖြည်ဖြည်း တက်လာရာကနေ ဇူလိုင် လအတွင်းမှာ တော့ တက်နှုန်း က ပိုမြင့်လာခဲ့ပါတယ်။ ဇူလိုင်လထဲ က သီတင်းပတ် တပတ် တပတ် ကျော်လာလေလေ၊ ကျပ်စျေး က တဒေါ်လာ ကို ၁၄၂၀၊ ၁၄၃၀ စသဖြင့် ဆက်တိုက်ကျဆင်းနေခဲ့တာပါ။

အခုလို ကျပ်ငွေစျေး ကျဆင်းတဲ့ အရေး က ပြည်တွင်းက အကြောင်းရင်းတွေ ထက်စာရင် ပြည်ပက လာတဲ့ အကြောင်းရင်းတွေ နဲ့ ပိုသက်ဆိုင်လိမ့်မယ် လို့ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဘိုဘိုငယ် က ဘီဘီစီ ကို ပြောပါတယ်။

အမေရိကန်မှာ ၂၀၀၈-၂၀၀၉ ကာလမှာ ကတည်းက ဘဏ်တိုးနှုန်း ၀% ဖြစ်နေခဲ့ရာကနေ၊ ဒီနှစ် ဇွန်လမှာ ၂% ဖြစ်လာပြီးတော့ ဒီနှစ်အတွင်း ၂.၅% အထိတက်လာမယ်လို့ မှန်းဆနေ ကြတယ်၊ အရင်က စီးပွားရေးသမားတွေက ဒေါ်လာငွေ က နေ အာရှဒေသတွင်း သုံး ငွေတွေ ကို လဲလှယ် ပြီး ဒီဘက်မှာ ဘဏ်တိုးနှုန်းပိုရတဲ့အတွက် လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေကို အခုအခါ ဒေါ်လာငွေနဲ့ ပြန်လဲပြီး အမေရိကန်မှာ ပြန်ရင်းနှီးမြှုပ်နှံတာ တွေ ဖြစ်လာတယ်၊ ဒီအတွက် ဒေါ်လာစျေး တွေ တက်လာပြီး မြန်မာအပါအဝင် ဒေသသုံးတွေ တွေ ကျဆင်းလာတယ်။ လို့ သူ က သုံးသပ်ပြောပါတယ်။

မြန်မာကျပ်ငွေ က ဒီနှစ်အတွင်း အမြင့်ဆုံးဖြစ်တဲ့ ဖေဖော်ဝါရီ လဆန်း ပိုင်း စျေးနှုန်း တဒေါ်လာ ၁၃၃၀ ကျပ်နှုန်းနဲ့ စာရင် အခု ကာလမှာ ၅.၅% ကျဆင်းလာကြောင်းနဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယ ငွေကြေးတွေ ဒေါ်လာနဲ့လဲလှယ်ရင် စျေးကျတဲ့ ရာခိုင်နှုန်း က မြန်မာထက်များနေကြောင်း သူ က ပြောပြီး၊ အဲလို မြန်မာ့ ကုန်သွယ်ဖက် နိုင်ငံတွေ က ငွေကြေးတွေ လည်း တန်ဖိုးကျဆင်း နေတဲ့အတွက် ကုန်သွယ်ရေး ဖက်မှာ သိပ်မထိခိုက်နို််င်ကြောင်း သူက ပြောပါတယ်။

သို့သော်လည်း မြန်မာနိုင်ငံ စီးပွားရေး ဟာ ကမ္ဘာ့စီးပွားရေး နဲ့ ဆက်နွယ်မှုရှိနေတဲ့အတွက် ဒီ ဂယက်ရဲ့ သက်ရောက်မှု ကတော့ ရှိမယ့်အကြောင်း ဗဟိုဘဏ် က မှန်းဆ ထားပါတယ်။

ငွေကြေးဖောင်းပွတဲ့နှုန်း တစုံတရာ တက်လာမယ်လို့လည်း သူတို့ က ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံဟာ ဒီနှစ်ပိုင်းတွေ အတွင်း တင်ပို့ကုန်နဲ့ တင်သွင်းကုန် နှိုင်းယှဉ်ရင် တင်ပို့ကုန် က များတဲ့အတွက် ဒေါ်လာလိုအပ်မှု က ပိုရှိနေတတ်တဲ့ နိုင်ငံ တခု လည်းဖြစ်ပါတယ်။

နောက်ပြီး မိုးရာသီတွင်း တင်ပို့ကုန် တွေ နည်းတတ်တဲ့ သဘာဝရှိတာမို့ ဒီကာလမှာ တင်သွင်းကုန်တွေ အတွက် ဒေါ်လာတွေ လိုအပ်သလောက် ဒေါ်လာ က စျေးကွက်အတွင်းမှာ မပေါများတာ ကြောင့် ဒေါ်လာစျေး က တက်လေ့ရှိ တတ်တယ် လို့ လည်း ဆိုကြပါတယ်။

Earning Money လို့ခေါ်ကြတဲ့ တင်ပို့မှု က ရရှိတဲ့ နိုင်ငံခြားငွေ (ဒေါ်လာငွေ) ကို တင်သွင်းလိုတဲ့ တင်သွင်းသူ လုပ်ငန်းရှင် က ပြန်ဝယ်ပြီး အသုံးပြုရတဲ့ စနစ် ကလည်း မြန်မာပြည်မှာ ရှိနေပြီး အဲဒီ စနစ် ကြောင့်လည်း ဒေါ်လာ စျေးတွေ တက်တာလို့ ဝေဖန်မှု တွေ ရှိတဲ့အပေါ်မှာ တော့ ဦးဘိုဘိုငယ် က ဒီစနစ် က နိုင်ငံအတော်များများ မှာ ရှိတဲ့အတွက် အဲဒီစနစ်ကြောင့် ဒေါ်လာစျေး တက်တာ မဟုတ်ကြောင်း ငြင်းပါတယ်။

အခုလောလောဆယ် အခြေအနေမှတော့ ငွေကြေးစျေးကွက် အတွင်း ကို ဒေါ်လာတွေ ထည့်သွင်းပြီး မြန်မာငွေကြေးစျေးကျမှု ကို ထိန်းမှာ မဟုတ်သေးဘဲ၊ စျေးကွက် သဘော အရပဲ ထားထားမှာ ဖြစ်ပေမယ့် ဒေါ်လာအရောင်းအဝယ်လုပ်နေကြတဲ့ Money Changer တွေ၊ Interbank ငွေကြေးရောင်းဝယ်မှုတွေကို အမြဲစောင့်ကြည့်ပြီး လိုအပ်ရင် လိုအပ်သလို ထိန်းညှိဆောင်ရွက်တာတွေ လုပ်သွားမယ် လို့ သူ က ဆိုပါတယ်။

မြန်မာ့ငွေစျေးဟာ ၂၀၁၆ ဇူလိုင်လ က တဒေါ်လာ ကို ၁၁၈၀ ကျပ်၊ ၂၀၁၇ ဇူလိုင်လ က တဒေါ်လာ ကို ၁၃၆၀ ကျပ် ရှိခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ