ကရင်ပြည်နယ်မှာ ရေကြီးလို့ လူထောင်ချီ ကယ်ဆယ်ရေး စခန်းမှာ ခိုလှုံ

ဓာတ်ပုံ မူပိုင် MOI Webportal Myanmar Fb
Image caption သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန် ရောက်ရှိ၊ အနိမ့်ပိုင်း ရပ်ကွက်တချို့ ရေဝင်။

ကရင်ပြည်နယ် မြဝတီမြို့မှာ ဇူလိုင် ၂၁ ရက်နေ့ မနက်က မိုးကြီးပြီး တောင်ကျရေတွေ စီးလာတာကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးက ကျေးရွာတွေ ရေနစ်မြုပ်လို့ လူဦးရေ တစ်ထောင်နီးပါးလောက် ကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်း နေထိုင် နေကြရပါတယ်။

ရေကြီးနေတဲ့အထဲမှာ မြဝတီမြို့နယ်အတွင်းက မဲပုလဲနဲ့ ဖားကလူး ကျေးရွာအုပ်စု အတွင်းက ရွာတွေမှာ နေအိမ် အတော် များများ ရေမြုပ်နေပြီး လူဦးရေ ရာနဲ့ချီ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေထိုင် နေရတယ်လို့ ဆိုပါတယ်။

အခုရေကြီးနစ်မြုပ်မှုဟာ နှစ်ပေါင်း ၂၀ ကျော် အတွင်း အဆိုးဆုံး အခြေအနေလို့ ဖားကလူး ကျေးရွာမှာ ကယ်ဆယ်ရေး လုပ်နေတဲ့ မဲပုလဲဒေသခံ စောမူအယ်ထူးက ဘီဘီစီကို ပြောပါတယ်။

ရေကြီးတဲ့နေရာကနေ မရွှေ့ပြောင်းနိုင်တဲ့ ဒေသခံတွေကို လိုက်လံကယ်ဆယ်နေရသလို မဲပုလဲရွာဘက်မှာတော့ ရေကြီးလို့ လမ်းတွေ ပိတ်ပြီး သွားလာလို့ မရတော့ ဘူးလို့ သူက ဆိုပါတယ်။

ရေကြီးနေတာကြောင့် ကျေးရွာအုပ်စုအတော်များများမှာ တရွာနဲ့တရွာသွားတဲ့ လမ်းတွေ ရေမြုပ်နေလို့ သွားလာရေးမှာလည်း အခက်အခဲတွေ ရှိနေတယ်လို့ သိရပြီး သွားလာရေးဟာ စက်လှေကိုပဲအားပြုရမယ့် အနေအထားကို ရောက်နေတယ်လို့ သိရပါ တယ်။

မဲပုလဲကျေးရွာ အုပ်စုအတွင်းက ဒေသခံ ဒေါ်အီအွေ့က သူရဲ့နေအိမ်မှာ ရေက လူခါး တရပ်ထိ ဝင်နေတာကြောင့် ကယ်ဆယ်ရေး စခန်းတွေကို အမြန်ပြောင်းဖို့ ပြင်နေတယ် ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင် MOI Webportal Myanmar Fb

မြဝတီ မြို့အတွင်းက ကျေးရွာအုပ်စုတွေမှာရေကြီးနစ်မြုပ်တာတွေဖြစ်နေသလို မြို့ပေါ်ရပ်ကွက် တချို့မှာလည်း ရေတွေမြုပ်လို့ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားနေရပြီ ဖြစ်ပါတယ်။

မြို့ပေါ်ရပ်ကွက်တွေမှာရေကြီးနေတာကြောင့် မြေနိမ့်ပိုင်းမှာ နေတဲ့သူတွေအတွက် ကယ်ဆယ်ရေး လုပ်နေတယ်လို့ မြဝတီမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

လတ်တလောမှာ ကျေးရွာအုပ်စုတွေက ရေဘေးသင့်ပြည်သူတွေအတွက် အလှူရှင် တချို့က အစားအသောက်တွေ လာရောက် ထောက်ပံ့ ပေးနေသလို အစိုးရ ဌာနဆိုင်ရာ တွေက စာရင်းကောက်ယူတာ တွေလုပ်နေပြီး နောက်ရက်တွေမှသာ ထောက်ပံ့ပေး နိုင်မယ့် အခြေအနေရှိတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် MOI Webportal Myanmar Fb

အလားတူ ကရင်ပြည်နယ်အတွင်းက ဘားအံမြို့မှာလည်း သံလွင်မြစ်ရေက စိုးရိမ် ရေမှတ်အနီးကို ရောက် နေတဲ့အတွက် မြို့ပေါ် က အနိမ့်ပိုင်းကျတဲ့ ရပ်ကွက်အချို့မှာ ရေတွေစတင်ဝင်ရောက်နေတယ်လို့လည်း သိရပါတယ်။

လတ်တလော တနင်္သာရီတိုင်းဒေသကြီးမှာလည်း ရေတွေကြီးလို့ လူအတော်များများ ကယ်ဆယ်ရေး စခန်းတွေမှာ ပြောင်းရွှေ့ နေထိုင်နေရသလို ကျောင်းအတော် များများ လည်း ပိတ်ထားရပါတယ်။

မိုးရာသီ ရောက်တိုင်းမှာ ရေကြီးရေလျှံတာတွေ နှစ်စဉ်ဆိုသလို ဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့လ ကလည်း မြန်မာနိုင်ငံအတွင်းပြည်နယ် အတော်များများ ရေကြီးနစ်မြုပ်တာတွေ ရှိခဲ့သလို ကချင်၊ ရခိုင်နဲ့ ရှမ်း စတဲ့ ပြည်နယ်မှာတော့ ရေကြီး ရေလျှံတာ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ပါတယ်။