FMI Air လေကြောင်းလိုင်း ရပ်ဆိုင်း

ဓာတ်ပုံ မူပိုင် FMI Air
Image caption ဇူလိုင်လ ၂၀ ရက်နေ့ကစတင်ပြီး လေကြောင်းပြေးဆွဲမှုရပ်ဆိုင်းကြောင်းကြေညာ

ခြောက်နှစ်နီးပါး ပြေးဆွဲခဲ့တဲ့ FMI Air လေကြောင်းလိုင်းကို ဇူလိုင်လ ၂၀ ရက်နေ့က စတင်ပြီး ရပ်တန့် ဆိုင်းငံ့လိုက်ပါပြီ။

ဇူလိုင် ၂၀ ရက်နေ့နောက်ပိုင်း ခရီးစဉ်တွေ အတွက် ဝယ်ယူထားတဲ့လက်မှတ်တွေကို လည်း ပြန်အမ်းခဲ့သလို အလုပ်သမားတွေကိုလည်း လေကြောင်းလိုင်း ဖျက်သိမ်းတော့မှာ ဖြစ်ကြောင်း လှိုင်သာယာ FMI Air ရုံးချုပ်မှာ တရားဝင် ခေါ်ယူအသိပေးခဲ့ပါတယ်။

လေကြောင်းလိုင်း ရပ်နားလိုက်တဲ့အတွက် အလုပ်သမား ၁၃၄ ယောက်ရဲ့ အလုပ်ကို ထိခိုက်မှာဖြစ်ပါတယ်။ အလုပ်သမားတွေကို ဥပဒေနဲ့ အညီ တလကြိုတင် အသိပေးတာဖြစ်ပြီး အလုပ်ထွက်မယ့်သူတွေ အတွက် လျော်ကြေးပေးမယ်လို့ ဆိုပါတယ်။ အလုပ်ဆက်လုပ်ချင်သူတွေ အတွက်တော့ FMI ကုမ္ပဏီအုပ်စု လက်အောက်က တခြားစီးပွားရေးလုပ်ငန်းတွေမှာ ရွှေ့ပြောင်းအလုပ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။

Air Bagan နဲ့ Apex Air လေကြောင်းလိုင်းတို့လည်း ဇူလိုင်လ ပထမပတ်ကတည်းက လေကြောင်းလိုင်း တည်ထောင်ပျံသန်းခွင့် လိုင်စင် AOC ကိုပြန်လည် အပ်နှံခဲ့တယ်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။

Air Bagan လေကြောင်းလိုင်းကို ၂၀၁၉ ဇန်နဝါရီလမှာ ပြန်လည် လိုင်စင်လျှောက်ထားမယ်လို့ Air Bagan လေကြောင်းလိုင်းရဲ့ ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ မစဝ်သန္တာနွဲ့က ဘီဘီစီကို ပြောပါတယ်။

FMI Air လေကြောင်းလိုင်းက သူတို့လည်း အပြီးအပိုင် ပိတ်သိမ်းတာမဟုတ်ဘဲ ယာယီရပ်နားတာသာဖြစ်တယ်လို့ ဆိုပေမယ့် ဘယ်အချိန်မှာ ပြန်လည်ဖွင့်လှစ်မယ်ဆိုတာတော့ မပြောပါဘူး။ ရက်အကန့်အသတ်မရှိ ရပ်နားလိုက်တာသာဖြစ်ပြီး ဝန်ထမ်းတွေကိုလည်း အလုပ်ကနေ အနားယူခိုင်းလိုက်ပြီ ဖြစ်ပါတယ်။

FMI Air လေကြောင်းလိုင်းကို ဦးသိမ်းဝေ ခေါ် မစ္စတာ ဆာ့ချ်ပန် က ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ်။ စတင်တည်ထောင်ခဲ့ စဉ်က စင်းလုံးငှားဝန်ဆောင်မှုလုပ်ငန်းအဖြစ်သာ တည်ထောင်ခဲ့ပြီး နာမည်ကိုလည်း FMI Air Charter လို့ မှည့်ခေါ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ FMI Air လို့ အမည်ပြောင်းခဲ့ပါတယ်။

FMI Air လေကြောင်းလိုင်းဟာ ရန်ကုန်၊ နေပြည်တော်၊ မြိတ်၊ သံတွဲ၊ ကော့သောင်၊ ထားဝယ် မြို့တွေကို ပျံသန်း ပြေးဆွဲခဲ့ပါတယ်။

ပြည်တွင်းလေကြောင်းလိုင်းတွေကို နိုင်ငံသားခရီးသည်တွေ စီးနင်းတာနည်းပါးပြီး နိုင်ငံခြားခရီးသည်တွေ အပေါ်မှာသာ လေကြောင်းလိုင်းတွေက ပိုမို မှီခို အားထားကြပါတယ်။

ရခိုင်ပြည်နယ် မငြိမ်မသက်မှုတွေဖြစ်ပွားလာပြီးနောက်ပိုင်း မြန်မာနိုင်ငံကို လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသည် အရေအတွက်ကျဆင်းလာခဲ့ပါတယ်။ ခရီးသည် အရေအတွက် နည်းပါးလာတဲ့ အတွက် ပြည်တွင်းလေကြောင်းလိုင်းတွေ တွက်ခြေမကိုက်တော့ဘူးလို့ ပြည်တွင်းလေကြောင်းလိုင်းတခုရဲ့ အဆင့်မြင့်အရာရှိ တဦးက ပြောပါတယ်။