ကရင်နဲ့ တနင်္သာရီမှာ ရေကြီးတာ ပိုဆိုးလာ

ဓာတ်ပုံ မူပိုင် Ministry of Construction Myanmar
Image caption ကရင်ပြည်နယ်အတွင်း ရေကြီးမှုမှာ ထီလုံ - တာပေါင် - ပတ - နဘူးလမ်းက တံတားတစင်း ပျက်စီး

ကရင်ပြည်နယ်က မြဝတီ၊လှိုင်းဘွဲ့၊ကော့ကရိတ်နဲ့ ဘားအံမြို့နယ်တွေမှာ မိုးကြီးရေလျှံနေလို့ လူထောင်ချီရွှေ့ပြောင်းရပြီး တနင်္သာရီတိုင်း မြိတ်ခရိုင်မှာလည်း အလားတူ ရေကြီးနေလို့ ရေဘေးဒုက္ခသည် ၅၀ဝ၀ ကျော်အထိ တိုးလာနေပါတယ်။

ကရင်ပြည်နယ်က အဲဒီ မြို့နယ်တွေမှာ အဓိက ရေကြီးနေတာကြောင့် လူပေါင်း ၃၀ဝ၀ လောက် ကယ်ဆယ်ရေးစခန်း ၁၅ ခုကို ပြောင်းရွှေ့ခဲ့ရပါတယ်။

အခုလို ဖြစ်ရတာဟာ ရက်ဆက် မိုးကြီးမှုတွေကြောင့် ဒေါနတောင်က ကျလာတဲ့ တောင်ကျရေတွေနဲ့ သောင်းရင်းမြစ်၊ ဂျိုင်းမြစ်နဲ့ သံလွင်မြစ်တွေမှာ ရေလျှံတာတွေကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ကရင်ပြည်နယ်အတွင်း ရေကြီးနေတဲ့ အထဲမှာ မြဝတီမြို့နယ်အတွင်းက ကျေးရွာအုပ်စုတွေနဲ့ လှိုင်းဘွဲ့မြို့ တမြို့လုံးနီးပါး ရေလွှမ်းနေပြီး ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းလောက်က တက်လာတဲ့ ရေကြောင့် နောက်တရက် ၂၂ ရက်နေ့မှာ အခုလို ဖြစ်သွားတာလို့ ဒေသခံ တဦးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် MOI Webportal Myanmar
Image caption မြဝတီမြို့သာမက အနီးနားက ကျေးရွာအုပ်စုတွေမှာလည်း ရေလွှမ်းနေ

အခုလို ရေကြီးဒဏ် ခံရတဲ့ အထဲမှာ လယ်မြေတွေလည်း ပါဝင်ပြီး ရွာတချို့မှာ ရေပတ်လည်ဝိုင်းသွားတဲ့အတွက် ပိတ်မိနေသူတွေကိုလည်း ကယ်ဆယ်ရေး အဖွဲ့တွေက သွားရောက် ကယ်ဆယ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလို ရေကြီးဒဏ်ခံရတဲ့ မြို့တွေထဲမှာ လှိုင်းဘွဲ့မြို့က ရေဘေးဒုက္ခသည်တွေ အရေအတွက် များတဲ့အတွက် ကယ်ဆယ်ရေးစခန်းတွေမှာ နေရာထိုင်ခင်း အခက်အခဲ ရှိနေကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတဦးဖြစ်တဲ့ ဦးတေဇထွဋ်လှိုင်ထွေးက ဘီဘီစီကို ပြောပါတယ်။

အခုလို ကရင်ပြည်နယ်အတွင်း ရေကြီးမှုမှာ ထီလုံ - တာပေါင် - ပတ - နဘူးလမ်းက တံတားတစင်း ပျက်စီးသွားခဲ့ပြီး သွားလာရေး အခက်အခဲရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption တနင်္သာရီမြို့နဲ့ မြို့တဝိုက်က ရွာတွေမှာ ရေကြီးနေပြီး လူနေအိမ်တွေသာမက စာသင်ကျောင်း ၆၅ ကျောင်း အထိ ရေမြုပ်ခဲ့

တနင်္သာရီတိုင်း မြိတ်ခရိုင်မှာတော့ ဇူလိုင်လ ၁၅ ရက်နေ့ကတည်းက တက်လာတဲ့ တနင်္သာရီမြစ်ရေကြောင့် တနင်္သာရီမြို့နဲ့ မြို့တဝိုက်က ရွာတွေမှာ ရေကြီးနေပြီး လူနေအိမ်တွေသာမက စာသင်ကျောင်း ၆၅ ကျောင်း အထိ ရေမြုပ်ခဲ့သလို ရေဘေးဒဏ်ခံရသူလည်း ၅၀ဝ၀ ကျော် အထိ ရှိလာတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

အခုလို ရေဘေးဒုက္ခသည် အရေအတွက် တိုးလာပေမယ့် အချိန်မှီ ကယ်ဆယ်ရေးတွေ လုပ်ခဲ့တာကြောင့် ထိခိုက် သေဆုံးမှုတော့ မရှိခဲ့ပဲ ဒီ ဒုက္ခသည်တွေကို ကယ်ဆယ်ရေးစခန်း ၁၁ ခုမှာ ထားရှိတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းအတွင်း အခုလို ရေကြီးမှုတွေမှာ ရွာလုံးကျွတ်နီးပါး ရေမြုပ်သွားတဲ့ ရွာတွေလည်း ရှိတဲ့အတွက် ရေကျသွားရင်လည်း ပြန်လည် ထူထောင်ရေး အခက်အခဲရှိနိုင်တယ်လို့ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

လောလောဆယ်မှာ တနင်္သာရီတိုင်းအတွင်းက ရေဘေးဒုက္ခသည် ၅၀ဝ၀ ကျော် အတွက် တပတ်စာ အစားအသောက်နဲ့ ဆေးဝါး အကူအညီ ပေးထားပြီး လယ်မြေ ဆုံးရှုံးရတဲ့ သူတွေအတွက်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနက စီစဉ်ပေးမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကိုကိုနိုင်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် MOI Webportal Myanmar
Image caption တနင်္သာရီတိုင်းအတွင်းက ရေဘေးဒုက္ခသည် ၅၀ဝ၀ ကျော် အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တပတ်စာ အစားအသောက်နဲ့ ဆေးဝါး အကူအညီ ပေးထား

အခုလို ရေဘေးဒဏ်ခံရတဲ့ ပြည်သူတွေထဲက တဦးဖြစ်တဲ့ တနင်္သာရီမြို့နယ် တကူးကျေးရွာသူ ဒေါ်မိုးအေးကတော့ ဒီရေဘေးဒဏ်ကြောင့် အဓိကအားဖြင့် ဥယျာဉ်ခြံမြေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်လို့ သူ့ဒေသအခြေအနေကို ဘီဘီစီကို ပြောဆိုခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ တနင်္သာရီမြစ်တဝိုက် မိုးရွာသွန်းမှုတွေ ရပ်ဆိုင်းသွားပေမယ့် မြစ်ရေ စိုးရိမ်ရေမှတ် ၁၇ ပေကို ကျော်လွန်ပြီး ဇူလိုင်လ ၂၂ ရက်နေ့အထိ ၂၄ ပေ ဖြစ်နေသေးသလို မိုးလေဝသ ခန့်မှန်းချက်အရလည်း မြန်မာနိုင်ငံတောင်ပိုင်းမှာ မိုးရေချိန် ပုံမှန်ထက် များမယ်ဆိုတဲ့ ထုတ်ပြန်မှုတွေလည်း ရှိနေပါတယ်။

အခုလို ရေမြုပ်နေတဲ့ ဒေသအသီးသီးမှာ ရေကျသွားခဲ့ရင်လည်း မြုပ်ခဲ့တဲ့ လယ်မြေတွေကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

လက်ရှိ အခြေအနေမှာတော့ အဲဒီ ရေဘေးဒုက္ခသည်တွေ အားလုံးကို ပရဟိတ အလှူရှင်တွေသာမက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက အကူအညီပေးနေပါတယ်။