စက်ရုံအများအပြား ပိတ်သိမ်းခဲ့ရတယ်ဆိုတဲ့ သတင်း တိကျမှုမရှိ

Image caption ၂၀၁၆ ခုနှစ် ဆာကူရာ အထည်ချုပ်စက်ရုံက အလုပ်သမားများ

ရန်ကုန်တိုင်း ဒေသကြီးအတွင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စက်ရုံတွေအပါအဝင် ပြည်တွင်း လုပ်ငန်းရှင် စက်ရုံ စုစုပေါင်း ၁၄ ရုံ နှစ်လအတွင်း ပိတ်သိမ်းခဲ့ရတယ်လို့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဇူလိုင်လ ၂၀ ရက်နေ့ သောကြာနေ့က လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ်။

ပိတ်သိမ်းခဲ့တယ်ဆိုတဲ့ စက်ရုံ ၁၄ ရုံထဲက အလုပ်သမား အင်အား ရာကျော် ရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ လည်ပတ်နေတဲ့ စက်ရုံ ၆ ရုံကို စုံစမ်းစစ်ဆေးကြည့်တဲ့အခါ လွန်ခဲ့တဲ့ ၅ လကျော် ၆ လလောက်က ပိတ်သိမ်းခဲ့တဲ့ စက်ရုံ ၁ ရုံပဲရှိပြီး ကျန်စက်ရုံ ၅ ရုံက ဆက်လက် လည်ပတ်နေတာ တွေ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် CTUM က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

အလုပ်သမားဦးစီးတွေနဲ့ကော သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေနဲ့ မေးမြန်းချက်အရ လုပ်သားအင်အား များတဲ့ United Knitting Myanmar ခြေအိတ်စက်ရုံနဲ့ Popular အထည်ချုပ်စက်ရုံတို့က လုံးဝ ပိတ်သိမ်းခဲ့တာ မရှိဘူးလို့လည်း ဆိုပါတယ်။

ပိတ်သိမ်းခဲ့တယ်ဆိုတဲ့ စက်ရုံတွေထဲက တချို့ဟာ နေရာပြောင်းရွေ့တာ၊ တစ်ရုံနဲ့ တစ်ရုံ ပေါင်းလိုက်တာ ရှိပေမဲ့ အလုပ်ပိတ်သိမ်းခဲ့တာဆိုတာ မဟုတ်ကြောင်းလည်း ပြောပါတယ်။

အခုလိုမျိုး သတင်းအချက်အလက် မပြည့်မစုံ ဖော်ပြမှုတွေကြောင့် ပြည်တွင်းမှာ မလိုလားအပ်တဲ့ စိုးရိမ်မှုတွေ မြင့်တက်လာနိုင်သလို အလုပ်သမားတွေ ဆန္ဒပြကြလို့ အခုလို ပိတ်သိမ်းခဲ့ရတယ်ဆိုပြီး ပြောဆိုမှုတွေ ရှိတာကြောင့် အလုပ်သမားနဲ့ အလုပ်ရှင်ကြား ဆက်ဆံရေး တည်ဆောက်တဲ့အခါ အခက်အခဲ ရှိလာနိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် မခိုင်ဇာအောင်က ဘီဘီစီကို ပြောပါတယ်။

ကုန်ကြမ်းရှားလို့ စက္ကူစက်ရုံတွေ နားထားရ

ကျောက်မီးသွေးစက်ရုံ ဆက်လည်ပတ်လို့ ထပ်ကန့်ကွက်

တိုင်းအစိုးရက ဦးစီးလုပ်မယ့် ရန်ကုန်မြို့သစ်စီမံကိန်း

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ပဲရစ် က Apparel Sourcing အဝတ်အထည် ကုန်စည်ပြပွဲ ကို ရောက်လာတဲ့ မြန်မာ့အထည်ချုပ် လုပ်ငန်းရှင်တွေ

ဒီသတင်းနဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့တဲ့ လွှတ်တော်အမတ်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။

အခုသတင်းပတ်တွေအတွင်း အလုပ်ရုံတွေ အတော်များများ ပိတ်သိမ်းခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ကတော့ သူတို့ လက်လှမ်းမီသလောက် ပိတ်သိမ်းခဲ့ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ပိတ်သိမ်းခဲ့တယ်ဆိုတဲ့ စက်ရုံလုပ်ငန်းရှင် တချို့နဲ့ ရန်ကုန်တိုင်း စီမံကိန်းနဲ့ စီးပွားရေး ကော်မတီနဲ့ လာမယ့် အင်္ဂါနေ့မှာ တွေ့ဆုံဖို့ ရှိတယ်လို့ ကော်မတီအတွင်းရေးမှူးလည်းဖြစ်၊ ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးကျော်ဇေယျက အတည်ပြု ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကနေ ဇူလိုင်လ ၁၀ ရက်နေ့အထိ စက်ရုံပေါင်း ၁၄ ရုံ ပိတ်သိမ်းခဲ့ပြီး ဒီစက်ရုံတွေမှာ လုပ်တဲ့ အလုပ်သမား ၃၇၀၀ ကျော် ရှိတယ်ဆိုတာကို လူမှုကွန်ရက်ပေါ်မှာ မျှဝေထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီစက်ရုံတွေဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဘယ်မြို့နယ်မှာ တည်ရှိတဲ့ စက်ရုံတွေလဲဆိုတာကိုတော့ အတိအကျ ဖော်ပြထားတာ မရှိပါဘူး။

ဒါကြောင့်လည်း ဒီသတင်းမှန်ကန်မှု ရှိမရှိ ပြန်လည် စိစစ်ပေးဖို့ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က တောင်းဆိုနေပါတယ်။

ဆက်စပ် အကြောင်းအရာများ