ရခိုင်အကြံပေးအဖွဲ့ အတွင်းရေးမှူးဟောင်း ဝေဖန်ချက်ကို ဥက္ကဌ တုန့်ပြန်

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Facebook
Image caption ရခိုင် အကြံပေးအဖွဲ့ နဲ့ နိုင်ငံတော် အတိုင်ပင်ခံ တို့ ဇူလိုင် ၁၇ ရက်က တွေ့ဆုံစဉ်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ အတွင်းရေးမှူး ကော့ဆတ်ချော့တီကွန်း (Kobsak Chutikul) နုတ်ထွက်ခဲ့ပြီး ကော်မတီနဲ့ ပတ်သက်လို့ ပြောကြားခဲ့တဲ့ ဝေဖန်ချက်တွေကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်းဖြစ် အဲဒီ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ လည်း ဖြစ်တဲ့ ဆူရာကီယတ် ဆတ်သီယာထိုင်း (Surakiart Sathirathai)က ပယ်ချ လိုက်ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ရဲ့ ရခိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

ဇူလိုင် ၁၀ ရက်နေ့က ရခိုင် အကြံပေးအဖွဲ့ကနေ နုတ်ထွက် ခဲ့ပြီးတဲ့ နောက်မှာ မစ္စတာ ချော့တီကွန်းက သူပါဝင်ခဲ့တဲ့ အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မီဒီယာတွေ ကနေတဆင့် လူသိ ရှင်ကြား ဝေဖန် ပြောဆိုလိုက် ပါတယ်။

ဒီအထဲမှာ ရခိုင်အကြံပေး အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ အမြဲတမ်း ရုံးခန်းဖွင့် ခွင့် မရှိတာ၊ အဖွဲ့ဝင်တွေရဲ့ အစည်းအဝေး တွေကို အွန်လိုင်းမှာဘဲ လုပ်ဆောင်ရတာ၊ နိုင်ငံတကာရဲ့ ငွေကြေး ရံပုံငွေတွေ ရယူပိုင် ခွင့်မရှိတာတွေ ထောက်ပြ ပြောဆိုခဲ့ ပါတယ်။

ဒါ့အပြင် တပ်မတော် ကိုယ်စားလှယ်တွေက သူတို့ရဲ့အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ ငြင်းပယ်တာ၊ ကော်မတီအဖွဲ့ဝင်တွေက လေယာဉ်နဲ့ ဟိုဟိုဒီဒီ အခေါက်ခေါက် အခါခါ သွားရောက်ပြီး နေပြည်တော်မှာ တန်ဖိုးကြီး ညစာတွေကို စားသောက်နေ တာတွေ ကိုလည်း သူက ဝေဖန်ခဲ့ပါတယ်။

ရခိုင် အကြံပေး အဖွဲ့ ဖွဲ့စည်းပြီး သက်တမ်း ၆ လကျော်ကြာမြင့်လာပေမယ့် တစုံတရာ ထိထိ ရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ဘူးလို့လည်း မစ္စတာ ချော့တီကွန်းက ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Facebook
Image caption အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင် အကြံပေးအဖွဲ့ ဥက္ဉဌ Dr. Surakiart

ဒါပေမယ့် ရခိုင် အကြံပေး အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ဆတ်သီယာထိုင်းက မစ္စတာ ချော့တီကွန်း ပြောဆိုချက်တွေကို ပယ်ချလိုက်ပြီး မြန်မာအစိုးရဟာ သူတို့ကော်မတီရဲ့ အကြံပေး ချက်အတိုင်း ဆောင်ရွက်တာတွေ ရှိတာကြောင့် ရခိုင်အရေးကို ဖြေရှင်းရာမှာ တိုးတက်မှုတွေရှိသလို ကော်မတီရဲ့ ဆောင်ရွက်ချက်တွေက ထိရောက်မှု ရှိတယ်လို့ တုံ့ပြန်လိုက်ပါတယ်။

မစ္စတာ ဆတ်သီယာထိုင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ရခိုင်ပြည်နယ်ထဲကနေ ပြောင်းရွှေ့ နေထိုင်ရတဲ့သူတွေ ပြန်လည် အခြေချနေ ထိုင်ရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်တို့နဲ့ နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးနိုင်ခဲ့သလို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာအစိုးရ ဝန်ကြီးတဦးလည်း ဘင်္ဂလားဒေ့ရှ် ကော့ဆက်ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းကို သွားရောက်နိုင်ခဲ့တဲ့ တိုးတက်မှုတွေ ရှိခဲ့တဲ့အကြောင်း ရေးသား ထားပါတယ်။

ရခိုင် အကြံပေး အဖွဲ့ အနေနဲ့ အဖွဲ့ဝင်အားလုံး ပါဝင်တဲ့ အဓိက အစည်းအဝေး ၃ ခုကို ကျင်းပခဲ့ သလို ပြဿနာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အချိန်အတော်များများကို အသုံးပြုခဲ့ တယ်လို့ ဆိုပါတယ်။

ရခိုင် အကြံပေး အဖွဲ့ဝင် အချင်းချင်း အီးမေလ်းကနေ တဆင့် ဆက်သွယ်တာ၊ အင်တာနက်ကို အသုံးပြုပြီး လုပ်ဆောင်တဲ့ Conference Callလို ဆွေးနွေးပွဲတွေပဲ လုပ်တာဟာ ကုန်ကျစရိတ်ကို သက်သာစေဖို့လို့လည်း တုံ့ပြန်ထားပါတယ်။

အကြံပေး အဖွဲ့ဝင် ၉ ဦးက မြန်မာအစိုးရထံကနေ လစာရယူထားတာ မရှိသလို ပြင်ပငွေကြေးတွေ မယူတာက အကြံပေး အဖွဲ့ ပိုလွတ်လပ်စေဖို့နဲ့ ပွင့်လင်းမြင် သာဖို့လို့ ဆိုပါတယ်။

ဒါအပြင် မစ္စတာ ချော့တီကွန်း စွပ်စွဲထားသလို လေယာဉ်နဲ့ ဟိုဟို ဒီဒီသွားနေတယ် ဆိုတာ မဟုတ်သလို ဘုတ် အဖွဲ့ဝင်အချင်းချင်း ဒါမှမဟုတ် မြန်မာ အစိုးရ အဖွဲ့ဝင်နဲ့ တခြားသက်ဆိုင်သူတွေနဲ့ နေလယ်စာ၊ ညစာ စားရင်း ဆွေးနွေးဖြစ်တာတွေ ရှိတယ်လို့လည်း တုံ့ပြန်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ရဲ့ ရခိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီး အကြံပြုချက် ၈၈ ခုထဲက ၆၀ ကျော်ကို အကောင်ထည်ဖော်နိုင်ခဲ့ တယ်လို့လည်း ဆိုပါတယ်။

ဒါကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အသိအမှတ်ပြုထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office facebook
Image caption ရခိုင် အကြံပေး အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးစဉ်

ဒိန်းမတ်နိုင်ငံမှာ လက်ရှိ ရခိုင် အကြံပေး အဖွဲ့နဲ့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေး ကော်မရှင်အဖွဲ့ဟောင်း တို့ တွေ့ဆုံခဲ့ကြပြီး အဲဒီတုန်းက ကိုဖီအာနန် ကိုယ်တိုင်လည်း ပါကြောင်း ၊ သူတို့ အကြံပြုချက် ၈၈ ချက်ထဲက အချက် ၈၀ ကို မြန်မာ အစိုးရက အကောင်အထည် ဖော်နေပြီလို့ ပြောကြောင်း ၊ ဘာသာပေါင်းစုံ ညီညွတ်ရေး အဖွဲ့ အနေနဲ့ ဒီကိစ္စတွေကို ဘယ်လို ကူညီနိုင်မလဲ ဆိုပြီး ရခိုင်နဲ့ နေပြည်တော် တို့ကို သွားရောက် ကာ နောက်ဆုံး အခြေအနေတွေကို ကြည့်ခဲ့ကြောင်း ရခိုင်ပဋိပက္ခ နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေး ကော်မရှင်အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ ဦးအေးလွင်က ပြောပါတယ်။

အဲဒီ အခါမှာ အနည်းငယ်တိုးတက်မှု တွေ့ခဲ့ရပေမယ့် လူတွေရဲ့ စိတ်ထဲမှာ စိုးရိမ် သံသယ စိတ်တွေ ရှိဆဲ ဆိုတာ တွေ့ရတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် တဖက် နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကလည်း တယောက်မှ မြန်မာ နိုင်ငံဖက် ပြန်မလာသေးတာကိုလည်း တွေ့ရတယ်လို့ သူက ပြောပါတယ်။

နိုင်ငံတကာ က ပညာရှင်တွေက မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး အတွက် အကြံပေးတာကို အပြစ်ရှာနေတဲ့ သူတွေရှိပြီး ဒီလို အကြံပေးလို့ ပိုဆိုးလာနေတယ်လို့ ဆိုသူတွေလည်း ရှိနေတာကြောင့် ၊ ဒီကိစ္စ အပေါ် ဝေဖန်သူတွေကတော့ ၀မ်းသာနေမှာဘဲလို့ ထင်ကြောင်း ၊ နိုင်ငံတကာ ကတော့ မြန်မာပြည် ကောင်းစားစေချင်ရင် အပြုသဘောနဲ့ နားလည် စဉ်းစားပေးရမှာ ဖြစ်တယ်လို့ ဦးအေးလွင် က ထောက်ပြ ပြောဆို သွားပါတယ်။

ရခိုင်ကပြဿနာတွေကို အောင်မြင်အောင် ဖြေရှင်းဖို့ အချိန်တခု ယူရအုံးမှာ ဖြစ်သလို အကြံပေးဘုတ်အဖွဲ့အနေနဲ့ မြန်မာအစိုးရကိုလည်း နောက်ထပ် အကြံပြုချက်တွေ လုပ်ဆောင်နေမှာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက အမေရိကန်နိုင်ငံရေး သမားတဦးဖြစ်တဲ့ ဘီလ် ရစ်ချတ်ဆန် လည်း၊ အထက်ပါ ရခိုင် အကြံပေး အဖွဲ့ကနေ နုတ်ထွက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပေါ် သူက ဝေဖန် ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ