အသက်စွန့်ခဲ့တဲ့ ရေငုပ်သမားကို အိုက်လူး ကျေးဇူးဆပ်မယ်

ဓာတ်ပုံ မူပိုင် Go Shing Maung Facebook
Image caption ဝ တိုင်းရင်းသား အိုက်လူး ခေါ် အိုက်ဒူရဲ့ အိမ်အပြန်ခရီးကြိုဆိုသူတွေနဲ့ အတူတွေ့ရစဉ်

ဂူထဲပိတ်မိခဲ့တဲ့တောဝက်ဘောလုံးအသင်းသားတွေကို သွားရောက်ကူညီရင်းသေဆုံးခဲ့တဲ့ ထိုင်းရေတပ်သားဟောင်း ရေငုပ်သမားကို ကျေးဇူးဆပ်တဲ့အနေနဲ့ လိမ္မာတဲ့ကလေးဖြစ်အောင် ကြိုးစားနေထိုင်သွား မယ်လို့ ဝ တိုင်းရင်းသား အိုက်ဒူ ခေါ် အိုက်လူး က ပြောပါတယ်။

မယ်ဆိုင်မြို့ ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ တနင်္ဂနွေနေ့က ကျင်းပပြုလုပ်တဲ့ ဘုရားရှိခိုးပွဲမှာ ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ အိုက်ဒူ က ပြောဆိုလိုက်ပါတယ်။ ဘုရားရှိခိုးပွဲမှာ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ သူငယ်ချင်းထိုင်းဘောလုံးအသင်းသားတွေလည်း တက်ရောက်ဆင်နွှဲခဲ့ပါတယ်။

တောဝက်ဘောလုံးအသင်းသားနဲ့နည်းပြ ၁၃ ယောက်ကို ကယ်ထုတ်ခဲ့တဲ့ ထိုင်းနဲ့နိုင်ငံခြား ရေငုပ်သမားတွေ၊ ဆေးရုံမှာ စောင့်ရှောက်ခဲ့တဲ့ဆရာဝန်နဲ့ သူနာပြုဆရာမတွေအပါအဝင် ဝိုင်းဝန်းကူညီတဲ့ အဖက်ဖက်ကလူတွေကို ကျေးဇူးတင်တယ်လို့ အိုက်ဒူက ပြောပါတယ်။

ဂူထဲမှာပိတ်မိခဲ့တုန်းက စိတ်ပူပြီး ဆုတောင်းပေးတဲ့ ဘုရားကျောင်းကဆရာ၊ ဆရာမတွေနဲ့ လူကြီးတွေကိုလည်း ကျေးဇူးတယ်လို့ အိုက်ဒူ ပြောပါတယ်။

တနင်္ဂနွေနေ့ ပြုလုပ်တဲ့ဘုရားရှိခိုးပွဲမှာ အိုက်ဒူ ကိုလာရောက်အားပေးတဲ့လူနဲ့ လက်ဆောင်ပေး သူတွေလည်းများပါတယ်။

ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ တခြားတောဝက်ဘောလုံးအသင်းသားတွေလည်း ကိုးကွယ်ယုံကြည်ချက်အရ သာသနာ့ဘောင်ထဲ ခေတ္တဝင် ကိုယ်ရင်ဝတ်ပြီး ကောင်းမှုလုပ်မယ်လို့ပြောဆိုခဲ့ပါတယ်။

အိုက်ဒူရဲ့မိဘတွေက မြန်မာနိုင်ငံရှမ်းပြည်နယ်မှာနေထိုင်တဲ့ တောင်ပေါ်ဝတိုင်းရင်းသားတွေပါ။

အမေဖြစ်သူက အိုက်ဒူကို မယ်ဆိုင်မြို့ရှိဘုရားကျောင်းမှာ အသက် ၄ နှစ်အရွယ်ကတည်းအပ်ခဲ့တာပါ။

ဆက်စပ် အကြောင်းအရာများ