ဇူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် King Nyarna Sirion
Image caption ဂူ အတွင်း သီတင်းသုံး ဝါဆိုဖို့အတွက် မိုင်းဖုန်းဆရာတော်ဟာ တာချီလိတ် မိုင်းဖုန်းကနေ မိုင်းဆတ်မြို့နယ်ကို ဒီကနေ့ ဇူလိုင်လ ၂၃ ရက်နေ့မှာ ကြွရောက်ခဲ့

(၁) ဗိုလ်ချုပ်ရုပ်တုထားရှိရေး အငြင်းပွားမှုတွေ ဖြစ်နေတဲ့ ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်ကို ဆက်လက် ထားရှိဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ကို လွိုင်ကော်မြို့က ကန္ဒာဟေဝန်ပန်းခြံမှာထားနိုင်ရေးအတွက် ကော်မတီ တရပ်ကိုလည်း ပြန်လည်ဖွဲ့စည်းသွားမှာဖြစ်ပြီး ကြေးရုပ်ကန့်ကွက်ရေးလှုပ်ရှားမှုဆောင်ရွက်သူတွေကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

(၂) ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗိုလ်ချုပ်အောင်ဆန်း ရင်ပြင်မှာရှိတဲ့ ဗိုလ်ချုပ်ရုပ်တုဟာ ဇူလိုင်လ ၂၂ ရက်နေ့ညက သင်္ဘောဆေးလောင်းပြီး ဖျက်ဆီးခံခဲ့ရပါတယ်။ သော့ခတ်ထားတဲ့ ရင်ပြင်ဝင်းထဲကို အနောက်မြောက်ထောင့်က ကျော်တက်ထားဖွယ်ရှိတဲ့ ခြေရာတွေကိုလည်း တွေ့ခဲ့ရပြီး ဖျက်ဆီးသူကို အရေးယူနိုင်ဖို့ အာဏာပိုင်တွေက စုံစမ်းနေတယ်လို့ သိရပါတယ်။

(၃) ရခိုင်ပြည်နယ် လွှတ်တော်မှာ ရခိုင်တိုင်းရင်းသားပါတီတွေသာ အများစုရှိသင့်တယ်လို့ ယူဆတဲ့အတွက် လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ ရခိုင်ပြည်နယ်အတွင်းက လစ်လပ်မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးပါတီက ဝင်မပြိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြည်ခိုင်ဖြိုးပါတီဘက်က ပြောပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့မှာ ပြုလုပ်မဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ရသေ့တောင်မြို့နယ်မှာလည်း ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် တနေရာဟာ လစ်လပ်နေတာဖြစ်ပါတယ်။

ရသေ့တောင်မဲဆန္ဒနယ်မှာ ရခိုင်အမျိုးသားပါတီ ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့က ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

(၄) မကြာခင်ကျရောက်တော့မယ် ဝါတွင်းကာလမှာ ဂူ အတွင်း သီတင်းသုံး ဝါဆိုဖို့အတွက် မိုင်းဖုန်းဆရာတော်ဟာ တာချီလိတ် မိုင်းဖုန်းကနေ မိုင်းဆတ်မြို့နယ်ကို ဒီကနေ့ ဇူလိုင်လ ၂၃ ရက်နေ့မှာ ကြွရောက်ခဲ့ပါတယ်။

အခုမိုင်းဆတ်ကိုရောက်နေပြီ ဒီနေ့ညတော့ တရားပွဲမှာ တရားဟောမယ် ဇူလိုင် ၂၇ ဝါဆိုလပြည့်နေ့ကစလို့ ဂူ အတွင်းမှာ ဝါဆိုပြီး တရားအားထုတ်မှာဖြစ်တယ် နှစ်တိုင်းလုပ်နေကျအတိုင်းပါပဲ လို့ ဆရာတော်နဲ့အတူ မိုင်းဆတ်ကို လိုက်ပါသွားတဲ့ အရှင်ဉာဏသီရိက ဘီဘီစီကို ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွှဲပိုင်းက မိန့်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်ကို ဆက်လက် ထားရှိဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုကပြော

(၅) လူစုလူဝေးတွေကို စနစ်တကျစီမံခန့်ခွဲရာမှာ အသုံးပြုတဲ့ လက်နက်ခဲယမ်းတွေကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနည်း သင်တန်း (၁/ ၂၀၁၈ ) ကို ဇူလိုင်လ ၂၃ ရက်နေ့က ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ ကျင်းပခဲ့တယ်လို့ Yangon Police Facebook မှာ ဖော်ပြထားပါတယ်။

(၆) ကနေဒါနိုင်ငံ တိုရွန်တိုမြို့တော်ရဲ့ လူသွားလူလာများပြားတဲ့ အဆောက်အအုံ တခုမှာ သေနတ်သမားတဦးက ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရသူတွေထဲက တဦးကတော့ စိုးရိမ်ဖွယ်ရာအခြေအနေမှာ ရှိနေပြီး အဲဒီ စိုးရိမ်ရသူအပါအဝင် ဒဏ်ရာရသူ ၉ ဦးလောက်ဟာ အမျိုးသမီးတွေဖြစ်ပါတယ်။

ပစ်ခတ်သူလို့ သံသယရှိသူကတော့ အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း သေဆုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒန်းဖို့ဒ်ရိပ်သာဆိုတဲ့ အဆောက်အဦးမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ဟာ အဆောက်အဦးထဲမှာ လူတွေအများကြီး ရှိနေတဲ့အချိန်ဖြစ်တယ်လို့ ကနေဒါ Globe and Mail သတင်းစာက ဖော်ပြပါတယ်။

(၇) မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဒန်ချက်ဟာ ဘန်းဘွယ်လိပ်ကယ်ဆယ်ရေးစခန်းကို ဇူလိုင်လ ၂၀ ရက်နေ့က သွားရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံက လိပ်မျိုးစိတ်ပေါင်း ၂၆ မျိုးထဲက တဝက်လောက်ဟာ မျိုးသုဉ်းလုနီးနီး အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဗြိတိန်သံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အဲဒီ လိပ်ကယ်ဆယ်ရေးစခန်းကို ဗြိတိန်က ပံ့ပိုးပေးနေတာဖြစ်ပြီး တရားမဝင်တောရိုင်း တိရစ္တာန်ကုန်သွယ်ရေးကို ရပ်တန့်ဖို့ တစိတ်တဒေသအားဖြင့် ရည်ရွယ်တယ်လို့ ဗြိတိန်သံရုံး လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

(၈) မွန်ပြည်နယ် မော်လမြိုင်မြို့ စက်မှုဇုန်မှာ ရှိတဲ့ ခနောက်စိမ်းသန့်စင်စက်ရုံကနေ အနံ့ဆိုးတွေ ထုတ်လွှတ်နေတာကြောင့်ဆိုပြီး ဒေသခံ ၃၀ဝ လောက်ဟာ ဇူလိုင်လ ၂၂ ရက်နေ့က ခနောက်စိမ်း စက်ရုံရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီစက်ရုံဟာ ကျောက်မီးသွေးလောင်စာကို အသုံးပြုတယ်လို့လည်း ဆန္ဒပြသူတွေက ဆိုပါတယ်။