ဇူလိုင် ၂၃၊ တနင်္လာ ညချမ်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် Getty Images
Image caption (Alexanda Kotey)နဲ့ အယ်ရှာဖီ အယ်လ်ရှိက် (El Shafee Elsheikh)တို့ ၂ ဦးကို ဇန်နဝါရီလမှာ အမေရိကန်က ထောက်ပံ့ထားတဲ့ ဆီးရီးယားမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိ

ဗြိတိန်နိုင်ငံက အစ္စလာမ်မစ်ဝါဒီ ၂ ဦးကို အမေရိကန်ပြည်ထောင်စုက သေဒဏ် ချမှတ်ထားတဲ့အပေါ် ကန့်ကွက်ထားတာကို ဗြိတိန်က ပြန်ရုပ်သိမ်းလိုက်ပါတယ်။

ဗြိတိန် အစ္စလာမ္မစ်ဝါဒီ အလက်ဇန္ဒာ ကိုတီ (Alexanda Kotey)နဲ့ အယ်ရှာဖီ အယ်လ်ရှိက် (El Shafee Elsheikh)တို့ ၂ ဦးကို ဇန်နဝါရီလမှာ အမေရိကန်က ထောက်ပံ့ထားတဲ့ ဆီးရီးယားမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ ဘီတဲလ်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေလို့ လူသိများပြီး ဆီးရီးယားမှာ အနောက် နိုင်ငံတွေကနေ ပြန်ပေးဆွဲတဲ့သူတွေကို သတ်ဖြတ်တဲ့သူတွေလို့ စွပ်စွဲခံထားရ ပါတယ်။

Image caption ရုရှားသမ္မတ ပူတင်နဲ့ အစ္စရေး ဝန်ကြီးချုပ် ဘဂျမင် နာတန်ယာဟုတို့ တယ်လီဖုန်း ကနေ တဆင့် စကားပြောခဲ့

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့ဗ် (Sergei Lavrov)နဲ့ စစ်ဖက်ဆိုင်ရာ အကြီးအကဲတွေက ဆီးရီးယားနဲ့ အီရန် အရေးကိစ္စတွေ ဆွေးနွေးဖို့ အစ္စရေးနိုင်ငံကို ဇူလိုင်လ ၂၃ ရက်နေ့ ဒီကနေ့မှာ သွားရောက်နေပါတယ်။

ရုရှားသမ္မတ ပူတင်နဲ့ အစ္စရေး ဝန်ကြီးချုပ် ဘဂျမင် နာတန်ယာဟုတို့ တယ်လီဖုန်း ကနေ တဆင့် စကားပြောခဲ့ပြီး ၃ ရက်အကြာမှာ အခုလို တွေ့ဆုံပွဲ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံမှာ အထူးသဖြင့် အစ္စရေးနဲ့ နယ်မြေချင်း ထိစပ်နေတဲ့နေရာမှာ အီရန်ရဲ့ တပ်ဖွဲ့တွေ ရှိနေတာကို အစ္စရေးက ကန့်ကွက်ထားပါတယ်။

လုံခြုံရေးအတွက် အကူအညီပေးဖို့ အစ္စရေးက ရုရှားကို ဖိအားပေးမယ်လို့ အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟုက အစိုးရ အစည်းအဝေးမှာ ပြောပါတယ်။ ဒါအပြင် မစ္စတာနာတန်ယာဟုက သူနောက်ဆုံး မော်စကိုသွားတုန်းက သမ္မတ ပူတင်ကို တင်ပြခဲ့တဲ့အတိုင်း ဒီကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။

Image caption ကန့်ကွက်မှုတွေရှိနေ

ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့ ကော်မတီ အသစ်တရပ် ဖွဲ့စည်းမှာ ဖြစ်ပြီး အများဆန္ဒနဲ့ အညီ လုပ်သွားမယ်လို့ ပြည်နယ် ဝန်ကြီးချုပ်က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီကော်မတီကို ပြည်နယ်အစိုးရဘက်က လိုအပ်တာ ကူညီသွားမယ်လို့လည်း ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောပါတယ်။

ကော်မတီသစ်မှာ ကယားပြည်နယ်က ပရဟိတ လုပ်နေတဲ့ လူမှုရေး အဖွဲ့အစည်း တွေ ပါဝင်မယ်လို့လည်း ဆိုပါတယ်။

ကယားပြည်နယ်မှာ ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူတာကို ကန့်ကွက်တဲ့သူတွေဘက် ကတော့ ရုပ်ထုထားတာထက် သဘောတူထားတဲ့ ပင်လုံ ကတိကဝတ်တွေပဲ တည်စေချင်တယ်လို့ ပြောခဲ့ကြပါတယ်။

ဒီလို ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်နဲ့ ပတ်သတ်လို့ ကန့်ကွက်တဲ့ ကယား ပြည်နယ် က ကရင်နီလူငယ်များ သမဂ အပါအဝင် အဖွဲ့တွေက လူငယ် ၂၃ယောက် ကို ပြည်နယ်အစိုးရက တရားစွဲဆိုထားပြီး လေးယောက်ကတော့ အခုလက်ရှိ လွိုင်ကော်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထားပါတယ်။

Image caption တစ်ဉီးသေ သုံးဉီး ဒဏ်ရာရ

ကနေဒါနိုင်ငံ တော်ရန်တိုမြို့က လူစည်ကားတဲ့လမ်းမပေါ်မှာ သေနတ်သမားတဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူ ၁ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်းက တော်ရန်တိုမြို့ပေါ်က Greektown ဧရိယာမှာ လူတွေ စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေကနေ ထွက်ခွာလာတဲ့ အချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မျက်မြင်သက်သေတွေက သေနတ်သံ အချက် ၂၀ လောက်ကြားခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်သမားလည်း သေဆုံးသွားတယ် ဆိုပေမယ့် ဘယ်လို သေဆုံးသွား တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဆိုပါတယ်။

တော်ရန်တိုမြို့တော်ဝန် John Toryက ဒီဖြစ်ရပ်ဟာ မြို့အတွင်း သေနတ်နဲ့ဆိုင်တဲ့ ပြဿနာအတွက် အထောက် အထားတခု ဖြစ်သလို လူအများစုအတွက် သေနတ်တွေက အလွယ်တကူရနေတယ်လို့ပြောပါတယ်။

Image caption ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အချက် အလက်တွေ အမှားအယွင်းရှိခဲ့တာကို တွေ့ရှိခဲ့

တရုတ်နိုင်ငံမှာ အရည်အသွေးမပြည့်မီတဲ့ ခွေးရူးပြန် ရောဂါဆေး ထုတ်လုပ်တာ ကို စုံစမ်း စစ်ဆေးဖို့ တာဝန်ရှိသူတွေက အမိန့်ပေးလိုက်ပါတယ်။

Changsheng Biotechnology ကုမ္ပဏီက ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အချက် အလက်တွေ အမှားအယွင်းရှိခဲ့တာကို တွေ့ရှိခဲ့ပြီးနောက် နိုင်ငံတဝန်းမှာ ထိတ်လန့် တုန်လှုပ်မှုတွေ ရှိခဲ့ပါတယ်။

တချို့မိဘတွေဆိုရင် သူတို့ရဲ့ ကလေးတွေကို ဒီကာကွယ်ဆေး ထိုးမိသလား ဆိုတာကိုပါ ပြန်လည် စစ်ဆေးနေကြသလို ဘာကြောင့် ဒီကုမ္ပဏီကို ထုတ်လုပ်မှုတွေ ဆက်လုပ်ခွင့်ပေးထားတာလဲဆိုတာကိုပါ သိချင်နေတယ်လို့ ဆိုပါတယ်။

ဒီသတင်းထွက်ပေါ်ခဲ့ပြီးတဲ့နောက် ကုမ္ပဏီရဲ့ ရှယ်ယာတွေလည်း အကျဘက်ကို ထိုးဆင်းသွားတယ်လို့ ဆိုပါတယ်။

Image caption လက်ရှိ ဝန်ကြီးချုပ် ဟွန်ဆန်ပဲ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်တယ်လို့ ခန့်မှန်းနေ

ကမ္ဘောဒီးယားနိုင်ငံမှာ လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ မဲမပေးဖို့ အတိုက်အခံနိုင်ငံရေးသမားတွေက တိုက်တွန်းနေတာကို ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းမယ်လို့ ပြောပါတယ်။

လက်ရှိ ဝန်ကြီးချုပ် ဟွန်ဆန်က သူကို ဝေဖန်တဲ့သူတွေကို တိုက်ခိုက်တဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်က အတိုက်အခံပါတီကို ဖျက်သိမ်းခဲ့တာကြောင့် အတိုက်အခံ ပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရှိသလို အတိုက်အခံကို ထောက်ခံသူ တွေက ရွေးကောက်ပွဲမှာ မဲမပေးဖို့ တိုက်တွန်းမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အတိုက်အခံတွေမရှိတာကြောင့် လက်ရှိ ဝန်ကြီးချုပ် ဟွန်ဆန်ပဲ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်တယ်လို့ ခန့်မှန်းနေသလို မဲပေးတဲ့သူ နည်းရင်တော့ ရွေးကောက်ပွဲ တရားဝင်မှုအပေါ် ထိခိုက်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

Image caption မူးယစ်ဆေးဝါး နှိမ်နှင်းမှုကို ဆက်လုပ်သွားမယ်လို့ ပြော

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးက တရားမဝင် မူးယစ်ဆေးဝါး နှိမ်နှင်းမှုကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

မစ္စတာ ဒူတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းမှု လုပ်ဆောင်ရာမှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှု ကြောင့် ထောင်နဲ့ချီတဲ့လူတွေ သေဆုံးခဲ့မှုအပေါ် လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်မှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီး နိုင်ငံတဝန်းကို ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလို ပြောဆိုလိုက်ပါတယ်။

လူ့အခွင့်အရေးလူပ်ရှားသူတွေအနေနဲ့ သူကို တိုက်ခိုက်သလိုပဲ မူးယစ်ဆေးဝါး ရောင်းချတဲ့သူတွေကိုလည်း ဝေဖန်ပြောဆိုသင့်တယ်လို့ မစ္စတာ ဒူတာတေးက ပြောပါတယ်။

မစ္စတာ ဒူတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းမှုကြောင့် လူတွေ အသေအပျောက် ရှိနေပေမယ့် သူဟာ ဖိလစ်ပိုင် ပြည်သူတွေအကြားမှာ လူကြိုက်များနေသေး တယ်လို့ ဘီဘီစီရဲ့ အရှေ့အာရှ အယ်ဒီတာက သုံးသပ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အနည်းဆုံး လူ ၁၅ ဦး ကနေ ၄၀ လောက် အထိ ကို သေဆုံး ခဲ့ကြရ

ဂျပန် နိုင်ငံ မှာ စံချိန်တင် အပူချိန် မြင့်တက်မှုတွေ ဖြစ်ပေါ် နေတာကြာင့် အန္တရာယ်ကင်း ဘေးရှင်း ရေး အတွက် အစိုးရ တာဝန် ရှိသူတွေက သတိပေး ချက်တွေ ထုတ်ပြန် ထားပါတယ်။

မြင့်မားတဲ့ အပူချိန် ကြောင့် အနည်းဆုံး လူ ၁၅ ဦး ကနေ ၄၀ လောက် အထိ ကို သေဆုံး ခဲ့ကြရတယ်လို့ သိရှိရပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့အနီးက Kumagaya မှာ အပူချိန်က ၄၁. ၁ ဒီဂရီ စင်တီဂရိတ် ရောက်ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်က နိုင်ငံမှာ မှတ်တမ်းတင်ထားတဲ့ အမြင့်ဆုံး အပူချိန် ၄၁ ဒီဂရီ စင်တီဂရိတ်ကို ကျော်လွန်သွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဂျပန်နိုင်ငံမှာ အပူလှိုင်းဖြတ်ခဲ့တာကြောင့် နိုင်ငံတဝန်း အပူချိန်တွေ မြင့်တက်ခဲ့ပြီး ထောင်နဲ့ချီတဲ့လူတွေကို ဆေးရုံကို တင်ပို့ ကုသ ခဲ့ရပါတယ်။

အပူချိန် မြင့်မား နေတာကြောင့် အရိပ်အာဝါသ အောက်မှာ နေထိုင်ကြဖို့၊ ရေများများ သောက်ကြဖို့၊ ပြင်းထန်တဲ့ ကိုယ်လက် လေ့ကျင့်မှုတွေ မလုပ်ကြဖို့ ဂျပန် ဘေး အန္တရာယ် ကာကွယ်ရေး အဖွဲ့ ကြီး က ဆော်ဩ နေပါတယ်။

မြို့တော် တိုကျိုက ယိုကိုဟားမား ဒေသမှာ အူချီမီဇူ လို့ ခေါ်ကြတဲ့ ရေ လောင်းတဲ့ ပွဲ တော် မျိုး ကိုလည်း ရည်ရွယ်ချက် ရှိရှိ နဲ့ ကျင်းပ နေရတယ်လို့ တာဝန် ရှိသူတွေ က ပြောပါတယ်။

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ် တွေတုန်း ကလည်း ရေကြီးမှု တွေကြောင့် လူ ၂၀၀ သေဆုံးခဲ့ပြီးတဲ့နောက်မှာ အခုလို အပူချိန်တွေ ထပ်မံ မြင့်တက် နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆေးခြောက် ဘီယာ ထုတ်ဖို့ ကနေဒါ ပြင်ဆင်

ကမ္ဘာ့ပေါ်မှာ ပထမဆုံးအနေနဲ့ ဆေးခြောက်ကနေ ဘီယာကို ကနေဒါကုမ္ပဏီတခုက ချက်လုပ်နေပါတယ်။ အရင်က ဆေးခြောက်ရဲ့ အဆီကနေ ချက်လုပ်တဲ့ ဘီယာက ရှိပြီးဖြစ်ပေမယ့် အခုချက်လုပ်မယ့် ဘီယာကတော့ ဆေးခြောက်ပင်ရဲ့ အရိုး၊ အပွင့်၊ အရွက်တွေနဲ့ ပထမဆုံး ချက်လုပ်တာ ဖြစ်ပါတယ်။

ဆေးခြောက်ပင်ကနေ ပထမဆုံး ချက်လုပ်တဲ့ ဘီယာရဲ့ အရသာဟာ ဆိုးဝါးလွန်း တယ်လို့ ဝေဖန်မှုတွေရှိခဲ့ ပြီးတဲ့နောက် အရသာတွေ ပြန်ကောင်းဖို့ ဓာတု ဗေဒပညာရှင်တွေက ကြိုးစားနေပါတယ်။ အခုထုတ်လုပ်တဲ့ ဘီယာဟာ အရက်ပါဝင်မှု မရှိဘူးလို့လည်း ထုတ်လုပ်တဲ့သူတွေက ပြောပါတယ်။ ဒီနှစ်အစောပိုင်းက ကနေဒါနိုင်ငံက ဆေးခြောက်ကို တရားဝင် အသုံးပြုခွင့် ပေးခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ