ဘတ်ဂျက်လိုငွေ ၂၀ ရာခိုင်နှုန်း ဗဟိုဘဏ်က ဖြည့်ပေးမယ်

Image caption လိုငွေပြနေတဲ့ ကျပ်ငွေ ဘီလီယံ ၄ထောင်ကျော်ရဲ့ ၂၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်က ဖြည့်ဆည်း ဆောင်ရွက်ပေးမယ်

၂၀၁၈-၁၉ ဘဏ္ဍာနှစ် အတွက် အစိုးရတဖွဲ့လုံး အသုံးပြုမယ့် အသုံးစရိတ် တောင်းခံ ထားတဲ့ ပြည်ထောင်စု ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းမှာ အသုံးစရိတ် အတွက် လိုအပ်တဲ့ ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်က ဖြည့်ဆည်း ဆောင်ရွက် မယ်လို့ ဖော်ပြထားပါတယ်။

ဒီဥပဒေကြမ်းကို ဇူလိုင် ၂၃ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့ရာမှာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အတွက် စုစုပေါင်း ရငွေမှာ ကျပ် ငွေ ဘီလီယံ ၂ သောင်း ကျော် ရှိပြီး စုစုပေါင်း အသုံးစရိတ်မှာ ကျပ်ငွေ ဘီလီယံ ၂ သောင်း ၄ ထောင် အသုံးပြု မယ်လို့ ပါရှိပါတယ်။

ဒီအတွက် လိုငွေပြနေတဲ့ ကျပ်ငွေ ဘီလီယံ ၄ထောင်ကျော်ရဲ့ ၂၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်က ဖြည့်ဆည်း ဆောင်ရွက်ပေးမယ် လို့လည်း ဥပဒေကြမ်းထဲမှာ ဖော်ပြထားပါတယ်။

အသုံးစရိတ်အတွက် လိုငွေကို ဗဟိုဘဏ်၊ နိုင်ငံခြားချေးငွေနဲ့ ပြည်တွင်းက ငွေတွေ ကို ချေးယူပြီး ဖြည့်ဆည်းနိုင်မှာ ဖြစ်ပေမယ့် လိုအပ်တဲ့ငွေပမာဏကို မဖြည့်နိုင်ဘူး ဆိုရင် ဗဟိုဘဏ်က ငွေရိုက်ပြီး ဖြည့်ရမှာလို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အဖွဲ့ဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက် လိုငွေပြမှုဟာ ကျပ်ငွေ ဘီလီယံ ၂ ထောင်ကျော် ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် MYANMAR UNION PARLIAMENT FACEBOOK
Image caption လွှတ်တော် ပြန်စတဲ့နေ့မှာ အသုံးဆိုင်ရာ ဥပဒေကြမ်း တင်ပြခဲ့

အရင်က ဘတ်ဂျက် လိုငွေတွေရဲ့ ၁၀၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်က ရိုက်ထုတ်ခဲ့ သလို အရင် ဦးသိန်းစိန် အစိုးရလက်ထက်က ၆၀ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်က ၉၀ ရာခိုင်နှုန်း အထိ ရိုက်ထုတ်တာတွေ ရှိခဲ့တယ်လို့ ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ သက်သက်ခိုင်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရလက်ထက်မှာ ဘတ်ဂျက် လိုငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ရိုက်ထုတ်ခဲ့ပြီး အခုတော့ ၂၀ ရာခိုင်နှုန်းသာ ရိုက်ထုတ်ရမှာ ဖြစ်တဲ့အတွက် လမ်းကြောင်းမှန်ပေါ် ရောက်လာတယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် လိုငွေက သတ်မှတ် လျာထားတဲ့ ၂၀ ရာခိုင်နှုန်းထဲကို မဝင်မှာကို စိုးရိမ်ကြောင်းနဲ့ သတ်မှတ်ထားတဲ့ အတိုင်းသာ ရိုက်ထုတ်နိုင်ရင်တော့ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူးလို့ ဒေါက်တာ သက်သက်ခိုင်က ပြောပါတယ်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ် အတွက် အစိုးရအဖွဲ့က တင်ပြလာတဲ့ အသုံးစရိတ်မှာ လျှပ်စစ်နဲ့ စွမ်းအင် အတွက် ၂၂ .၂၄ ရာခိုင်နှုန်းနဲ့ အများဆုံး အသုံးပြုထားပြီး ကာကွယ်ရေးအတွက် ၁၃ ရာခိုင်နှုန်း၊ ပညာရေးအတွက် ၉ ရာခိုင်နှုန်း၊ ကျန်းမာရေးအတွက် ၄.၆ ရာခိုင်နှုန်း သုံးစွဲမယ်လို့ ဖော်ပြထားပါတယ်။

အစိုးရအဖွဲ့က တင်ပြတဲ့ အသုံးစရိတ်ကို လွှတ်တော်က စိစစ်အတည်ပြုရမှာလည်း ဖြစ်ပါတယ်။

အရင်အစိုးရလက်ထက်က ဘတ်ဂျက် ကာလကို ဧပြီလ ၁ ရက်နေ့ကနေ နောက် နှစ် မတ်လကုန်အထိ သတ်မှတ်ထားပေမယ့် အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ အောက်တိုဘာ လဆန်းကနေ စက်တင်ဘာ လကုန်ထိ ပြောင်းလဲ သတ်မှတ်ထား ပါတယ်။

ဆက်စပ် အကြောင်းအရာများ