ကယား ဝန်ကြီးချုပ်ရဲ့ ပြောဆိုမှု စုံစမ်းမေးမြန်း သင့်

ဓာတ်ပုံ မူပိုင် KNIC
Image caption ပြည်နယ်အစိုးရနဲ့ ကရင်နီလူငယ်တွေ ညှိနှိုင်းမှု ဆင်ပြေမပြေဖြစ်ခဲ့

လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိရေးကို ကန့်ကွက်ကြလို့ မငြိမ်မသက်မှုတွေ ဖြစ်လာရင် သူ့ရဲ့ လုပ်ပိုင်ခွင့် အရ တပ်မတော်ကို တာဝန် ပေးရမယ်လို့ ကယားဝန်ကြီးချုပ်ရဲ့ ပြောဆိုမှုဟာ မသင့်တော်ဘူးလို့ NLD ပါတီ ဗဟို ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်က ပြောပါတယ်။

ဗိုလ်ချုပ်ကြေးရုပ် ထားရှိရေးကို ကန့်ကွက်ကြတဲ့ လူငယ်တွေနဲ့ ကယားပြည်နယ် ဝန်ကြီးချုပ် ကြားမှာ ညှိနှိုင်းမှုတွေ မပြေလည်ခဲ့ဘဲ အခုလို ပြောဆိုမှုအထိ ဖြစ်လာခဲ့တဲ့ အတွက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့က မေးမြန်း စုံစမ်းမှု ပြုလုပ် သင့်တယ်၊ ဝန်ကြီးချုပ်က ဒီလို ပြောတယ်ဆိုရင် သူ့မှာ ဒီလို ပြောရတဲ့ အကြောင်း လုံလောက်တဲ့ ဖြေရှင်းမှု ရှိရ လိမ့်မယ်လို့လည်း သူက ဆက်ပြောပါတယ်။

တိုင်းပြည်မှာ ထူးခြားတဲ့ အခြေ အနေမျိုး ဖြစ်လာတဲ့ အခါမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ ကသာ တပ်မတော်ကို ဝင်ရောက် ကိုင်တွယ်ဖို့ ညွှန်ကြား ပြောဆိုနိုင်ခွင့် ရှိတယ်လို့ ဦးအောင်ရှင်က ပြောပါတယ်။

၂၁ ရာစု ပင်လုံ တိုင်းရင်းသား တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အတွက် ကြိုးပမ်း နေချိန်မှာ အခုလို အခြေအနေ မျိုး မဖြစ်သင့်ဘဲ ပြေလည်အောင် လုပ်ဆောင်သင့်တယ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထိခိုက်မှာကိုလည်း စိုးရိမ်တယ်လို့ သူက ပြောပါတယ်။

NLD ပါတီ အနေနဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားတွေကို ခေါ်ယူညှိနှိုင်း ဆွေးနွေးပြီး ဒီပြဿနာ ပြေလည်အောင် ဆောင်ရွက်သင့်တယ်လို့လည်း သူက ဆိုပါတယ်။

အခုတော့ ကယား ပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိရေး အငြင်းပွားနေတဲ့ ကိစ္စ အတွက် အများဆန္ဒနဲ့ အညီ ကော်မတီတစ်ရပ် ဖွဲ့စည်း လုပ်ဆောင် သွားမယ်လို့ ပြည်နယ် ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက ပြောပါတယ်။

Image caption ကယားပြည်နယ်က ပရဟိတ လုပ်နေတဲ့ လူမှုရေး အဖွဲ့အစည်းတွေ ပါဝင်မယ်

အဲဒီကော်မတီ အသစ်မှာ ကယားပြည်နယ်က ပရဟိတ လုပ်နေတဲ့ လူမှုရေး အဖွဲ့အစည်းတွေ ပါဝင်မယ်လို့ ကယားပြည်နယ် အစိုးရအဖွဲ့က ဇူလိုင် ၂၃ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ပြောပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့က ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ ကရင်နီလူငယ် ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ ကရင်နီ လူငယ်များ သမဂ္ဂနဲ့ ကယားပြည်နယ် ကျောင်းသားများ သမဂ္ဂ အဖွဲ့တို့က ဆွေးနွေးပွဲကနေ ထွက်သွားခဲ့ပြီးနောက် ကျန်အဖွဲ့တွေနဲ့ ဆက်လက် ဆွေးနွေးခဲ့ပြီး လက်ရှိ ပြည်နယ်အစိုးရက ဖွဲ့စည်းထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်းပေးခဲ့ပြီးဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ကယား ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက် ဖြစ်တဲ့ တပ်မတော်ကို လိုအပ်ရင် အသုံးပြုမယ် ဆိုတဲ့ကိစ္စဟာ အခြေခံ ဥပဒေ နဲ့ မကိုက်ညီကြောင်းနဲ့ ဒီလိုမျိုး အခွင့်အာဏာက ကာလုံလို့ ခေါ်ကြတဲ့ အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီမှာသာ ရှိပြီး ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ်တွေကို လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းထားတာ မရှိဘူးလို့ တပ်မတော် ကာကွယ်ရေး ဉီးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။