လူ ၅၀ ထက်မနည်း သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြ

ဓာတ်ပုံ မူပိုင် EPA
Image caption တောမီးကြောင့် လူ ၂၀ ကျော် သေဆုံး

ဂရိနိုင်ငံမှာ ဆိုးရွားလှတဲ့ တောမီးကြောင့် အခုထိ လူ ၅၀ ထက်မနည်း သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။

ဒဏ်ရာရခဲ့သူတွေထဲက ၁၁ ယောက်ကတော့ အရေးပေါ်ကုသမှု ခံယူနေရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ကလေးငယ် ၁၆ ဦးလည်း ပါပါတယ်။

တောမီးကို ရာနဲ့ချီတဲ့ မီးသတ်သမားတွေ ငြှိမ်းသတ်နေပေမယ့် မီးတောက်မီးလျှံတွေဟာ မြို့တော် အေသင် နား အထိ ကျရောက်နေလို့ ဒေသခံတွေဟာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရ

အေသင်မြို့တော်ရဲ့ အရှေ့မြောက်ဖက် ၂၅ မိုင်အကွာ မာတီ အပန်းဖြေဒေသမှာတော့ ပိတ်မိနေသူတွေရှိပြီး တချို့ကတော့ နေအိမ်တွေထဲ ကားတွေထဲ ပိတ်မိပြီး အသက်ဆုံးရှုံးခဲ့ကြပါတယ်။

ပျောက်ဆုံးနေတဲ့ နိုင်ငံခြားသား ၁၀ ယောက်ကိုလည်း ရှာဖွေနေရဆဲဖြစ်ပါတယ်။

ဂရိအစိုးရကတော့ မီးဘေးဒဏ် အဆိုးရွားဆုံးသင့်ခဲ့တဲ့ အေသင်မြို့နားက အက်တီကာ ဒေသကို အရေးပေါ်အခြေအနေ ကြေညာထားပြီး နိုင်ငံတကာက အရေးပေါ်ကူညီကယ်ဆယ်မှုတွေ ပေးဖို့ တောင်းခံထားရပါတယ်။

ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့နေတဲ့ ဗွီဒီယိုတွေထဲမှာတော့ မီးဒဏ်သင့် အဆောက်အဦးတွေ၊ လိမ္မော်ရောင်မီးခိုးလုံးတွေ အပြင် လူတွေဟာလည်း မီးတောက်မီးလျှံတွေကြား ကားတွေနဲ့ ဘေးလွတ်ရာ ထွက်ပြေးနေကြတာ တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရ

ဂရိဝန်ကြီးချုပ် အလက်ဆစ် ဆစ်ပရပ်စ် ကတော့ တောမီးကို တက်စွမ်းသမျှ ထိန်းချုပ်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပေမယ့် လောလောဆယ်မှာ ထိန်းချုပ်နိုင်ဖို့က တော်တော်လေး ခဲယဉ်းနေပါသေးတယ်။

ရာသီဥတုဟာ အပူရှိန်မြင့်တက်နေပြီး ဆက်တိုက်ပူနေမယ်ဆိုရင်တော့ တောမီးကို ထိန်းချုပ်နိုင်ဖို့က ခက်ခဲနေဦးမှာ ဖြစ်တယ်လို့ ဂရိ အစိုးရက ပြောပါတယ်။

လောလောဆယ်မှာ အီတလီ ပြင်သစ် ဂျာမနီ နဲ့ ပိုလန်နိုင်ငံတွေက မီးငြှိမ်းသတ်ဖို့ လိုအပ်တဲ့ ကူညီမှုတွေပေးနေပါတယ်။

နောက်ထပ် ရဟတ်ယာဉ်တွေနဲ့ မီးသတ်သမားတွေရဲ့ အကူအညီရဖို့ကိုတော့ ဥရောပနိုင်ငံတွေကို ထပ်မံ တောင်းခံထားတယ်လို့ ဂရိအစိုးရက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရ

ဂရိနိုင်ငံမှာ အဆိုးရွားဆုံး လောင်ကျွမ်းဖူးခဲ့တဲ့ တောမီးဟာ ၂၀၀၇ ခုနှစ်တုန်းက ဖြစ်ခဲ့ပြီး အဲ့ဒီတုန်းက လူဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဘီဘီစီ တဝန်း