လာအို ဆည်ကျိုးလို့ လူရာချီ ပျောက်ဆုံးနေ

ဓာတ်ပုံ မူပိုင် EPA
Image caption လူ ၆၆၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်

လာအိုနိုင်ငံ အရှေ့တောင်ပိုင်း အက်တာပူး ပြည်နယ်ထဲက ဆောက်လုပ်ဆဲ ဆည်တခု ကျိုးပေါက် ခဲ့တာကြောင့် ရွာပေါင်း ၆ ရွာ ရေလွှမ်းသွားခဲ့ပြီး လူပေါင်း ရာနဲ့ချီ ပျောက်ဆုံးနေပါတယ်။

ဆည်ထဲက ရေတွေလျှံထွက်လာပြီး လူနေအိမ်ခြေတွေ နစ်မြုပ်ခဲ့တာကြောင့် လူ ၆၆ဝဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဓာတ်ပုံတွေထဲမှာ လူတွေ အိမ်ခေါင်မိုးတွေပေါ် တက်ပြီး ခိုကပ်နေနေကြရတာ တွေ့ရသလို စက်လှေတွေ မော်တော်တွေနဲ့ လူတွေကို ကယ်ပြောင်းရွှေ့နေရတာ တွေ့ရပါတယ်။

လူဘယ်လောက် သေဆုံးလဲ ဆိုတာ အခုချိန်မှာ မခန့်မှန်းနိုင်သေးဘူးလို့ လာအိုအစိုးရမီဒီယာက ထုတ်ပြန်ပါတယ်။

ဒီဆည် ဘာကြောင့် ကျိုးပေါက်ခဲ့ရတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်း မသိရသေးပါဘူး။

လာအိုဝန်ကြီးချုပ် တုန်လွန် ဆစ်ဆလစ် ကတော့ အစိုးရအစည်းအဝေးတွေကို ရွှေ့ဆိုင်းခဲ့ပြီး ဆည်ကျိုးပေါက်လို့ ရေလွှမ်းမိုးနေတဲ့ နေရာတွေကို အရေးပေါ် ရောက်ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ရေကြီးလို့ ဒုက္ခရောက်နေသူတွေ

လာအိုနိုင်ငံ အရှေ့တောင်ပိုင်းမှာ ရှိတဲ့ ဒီဆည်ဟာ အမေရိကန်ဒေါ်လာ ၁.၂ ဘီလျံ အကုန်ကျခံ တည်ဆောက်နေတာပါ။ တောင်ကိုရီးယား၊ ထိုင်း၊ လာအို နဲ့ ဗီယန်ကျင်းအခြေစိုက် စွမ်းအင်ကုမ္ပဏီတခုတို့ အကျိုးတူပူးပေါင်းပြီး ၂၀၁၃ ခုနှစ်က စတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီ ရေအားလျှပ်စစ် ထုတ်လွှတ်မယ့်ဆည်ကို ၂ဝ၁၉ ဖေဖော်ဝါရီမှာ အပြီးဆောက်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ရေဘေးသင့်သူတွေအတွက် အဝတ်အထည်၊ အစားအသောက်၊ ဆေးဝါး အရေးပေါ်ကူညီမှုတွေပေးဖို့ ဒေသဆိုင်ရာအာဏာပိုင်တွေက အစိုးရကို တောင်းခံထားပါတယ်။

ဆည်ဆောက်လုပ်ရေးမှာ ပါဝင်တဲ့ တောင်ကိုရီးယားကုမ္ပဏီ ဘက်ကတော့ ပြီးခဲ့တဲ့ ၂ ပတ် အတွင်း မိုးအကြီးအကျယ် ရွာပြီး တရက်ထဲ မိုးရေချိန် ၁၇ လက်မထိ ရွာတာ ရှိခဲ့တယ်လို့ ပြောပါတယ်။

ဆည်အထက်ပိုင်းမှာ မိုးကြီးပြီး အနားက ရေတွေ တိုးဝင်လာလို့ ဆည်အသေးတခု ကျိုးတာ ဖြစ်နိုင်တယ်လို့ ယူဆကြောင်း ၊ အဓိက ဆည် မဟုတ်ကြောင်း ပြောပါတယ်။

ဒေသခံတွေကို ဆည်ရေတွေ ကျလာနိုင်ကြောင်း သတိပေး ကြေညာချက်တွေ ထုတ်ပြီးသား လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Xe Pian Xe Namnoy Power Company
Image caption ဆောက်လုပ်ဆဲ ဆည်ရဲ့ ဒီဇိုင်းပြပုံ

လာအို အစိုးရဟာ သူ့နိုင်ငံကို အာရှတိုက်ရဲ့ စွမ်းအင် စက်ရုံ ဖြစ်ရမယ် ဆိုပြီး ရေအားလျှပ်စစ် ထုတ်တဲ့ဆည်တွေ တည်ဆောက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

မဲခေါင်နဲ့ မြစ်လက်တက်တွေ အများအပြား ပါဝင်တဲ့ လာအိုမှာ ရေအားလျှပ်စစ် ထုတ်ဖို့ ကောင်းတဲ့ အနေအထား ရှိပါတယ်။

လောလောဆယ် လည်ပတ်နေတဲ့ ဆည် ၄၆ ခုနဲ့ ဆောက်လုပ်ဆဲ ဆည်က ၅၄ ခု ရှိပါတယ်။

လာအိုရဲ့ အဓိက ရေအားလျှပ်စစ် ထုတ်လွှတ်မှု ၃ ပုံ ၂ ပုံကို ပြည်ပတင်ပို့ နေတာ ဖြစ်ပြီး နိုင်ငံ ပြည်ပပို့ကုန် တန်ဖိုးရဲ့ ၃ ပုံ ၁ ပုံ လောက် ရှိတယ် လို့လည်း သိရပါတယ်။

Image caption ဆည် ကျိုးပေါက်တာကြောင့် လူရာနဲ့ချီ ပျောက်ဆုံးနေ

ဆက်စပ် အကြောင်းအရာများ

ဘီဘီစီ တဝန်း