ရခိုင်မှာ ရှစ်တိုဆိုမာရေးစစ် ကူးစက်သူ အယောက် ၃ဝဝ ကျော် ရှိ

Image caption အသည်း၊ ကျောက်ကပ်တို့လို ကိုယ်တွင်း အင်္ဂါတွေပါ ထိခိုက်နိုင်

ရခိုင်ပြည်နယ်ထဲ ရေချို ခရုကနေ တဆင့် ကူးစက်တဲ့ ကပ်ပါးပိုးကြောင့် ရှစ်တိုဆိုမာရေးစစ် Schistosomiasis ရောဂါဒဏ် ခံစား နေရသူ အယောက် ၃ဝဝ ကျော် တွေ့ထားတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

သေဆုံးသူ အနည်းဆုံး ၃ ယောက် ရှိခဲ့တယ်လို့ ပြည်နယ် ကျန်းမာရေး အာဏာပိုင်တွေက ဘီဘီစီကို အတည်ပြုပါတယ်။

သံပြားကောင် သယ်ထားတဲ့ ခရုတွေ ရှိရာ ရေထဲ ဆင်းမိသူတွေရဲ့ အရေပြားတွေကို အဲဒီ သံပြားကောင်တွေ ထွင်းဖောက်ပြီး သွေးကြောထဲထိ ဝင်ရောက် မျိုးပွားတာ ဖြစ်ပါတယ်။

ရှစ်တိုဆိုမာရေးစစ် ရောဂါ ကူးစက် ဖြစ်ပွားနေတဲ့ နေရာတွေထဲ ရခိုင်ပြည်နယ် ထဲမှာတင်မက ရှမ်းပြည်နယ် အင်းလေး ဒေသလည်း ပါရှိပါတယ်။

Image caption အရေပြားတွေကို သံပြားကောင်တွေ ထွင်းဖောက်ပြီး သွေးကြောထဲထိ ဝင်ရောက် မျိုးပွား

ဒီပြဿနာကို ကိုင်တွယ်ဖို့ ရန်ကုန်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကျန်းမာရေး ဝန်ကြီး ဒေါက်တာမြင့်ထွေး အပါအဝင် အဆင့်မြင့် ကျန်းမာရေး အာဏာပိုင်တွေ တွေ့ဆုံ ခဲ့ကြပြီး စီမံချက်တွေ ရေးဆွဲသွားမယ်လို့ ဆိုပါတယ်။

ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက စေလွှတ်တဲ့ ကွင်းဆင်းအဖွဲ့လည်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ မြောက်ဦးမြို့နယ်တို့တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

Image caption ပြည်ထောင်စု အဆင့် ကျန်းမာရေး အာဏာပိုင်တွေ အလေးထား ကိုင်တွယ်နေ

ရခိုင်ပြည်နယ်ထဲက နေရာတွေနဲ့ အင်းလေးမှာတင် မကပဲ ရေမြေ အသွင်သဏ္ဍာန် တူညီတဲ့ ဧရာဝတီနဲ့ ပဲခူးတိုင်း ဒေသကြီးတွေထဲက နေရာတွေမှာလည်း ဆက်လက် စောင့်ကြည့် သွားမယ်လို့ ဆိုပါတယ်။

ဒီရောဂါ ကူစက် ခံရရင် အရေပြား ယားယံပြီး အဖုအပိန့်ထွက်တာ၊ ခေါင်းကိုက်ပြီး ဖျားတာတို့လို ရောဂါ လက္ခဏာတွေ တွေ့ရပြီး၊ ရေရှည် အနေနဲ့ ဝမ်းကိုက်တာမျိုး၊ ဆီးထဲ သွေးပါတာမျိုးကအစ အသည်း၊ ကျောက်ကပ်တို့လို ကိုယ်တွင်း အင်္ဂါတွေပါ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ