လုံခြုံရေးကောင်စီမှာ မြန်မာကို အရေးယူမှုမရှိ

ဓာတ်ပုံ မူပိုင် EPA
Image caption ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Christine Burgener လည်းလုံခြုံရေးကောင်စီမှာ တင်ပြဆွေးနွေး

ရခိုင်အရေး မြန်မာ အစိုးရရဲ့ ဆောင်ရွက် နေပုံတွေကို လုံခြုံရေး ကောင်စီက အသိအမှတ်ပြုတဲ့ သဘော ရှိတယ်လို့ ကုလ သမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောပါတယ်။

လုံခြုံရေးကောင်စီ မှာ ဇူလိုင်လ ၂၃ ရက်က ပြုလုပ်တဲ့ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး သွားခဲ့ကြသူတွေ လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေး ခဲ့ကြပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Christine Burgener က သူမြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အတွေ့အကြုံတွေကို ပထမဆုံးအကြိမ် တင်ပြခဲ့ တယ်လို့ ကုလ သမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

ဒါ့အပြင် မြန်မာအစိုးရနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးထားခဲ့တဲ့ ကုလ သမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် UNDP နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ UNHCR ကိုယ်စားလှယ် တို့ကလည်း မြန်မာနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ဘယ်လို လုပ်ဆောင်နေပြီဆိုတာ တင်ပြ ဆွေးနွေးခဲ့ကြတယ်လို့ သူက ပြောပါတယ်။

တံခါးပိတ် ဆွေးနွေးပွဲဖြစ်လို့ မြန်မာနိုင်ငံ ဘက်က တက်ရောက်ခဲ့ခြင်း မရှိ ပါဘူး။

သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဒီတခါ မြန်မာ့အရေး လုံခြုံရေး ကောင်စီ အစည်းအဝေး အပြီးမှာ ခါတိုင်းအစည်းအဝေးတွေတုန်းကလို ဆုံးဖြတ်ချက်တခုခု ချတာ၊ လုံခြုံရေးကောင်စီ သဘာပတိက ကြေညာချက် ထုတ်ပြန်တာ ဒါမှ မဟုတ် အဖွဲ့ဝင်တွေရဲ့ သဘောတူညီချက်ကို ထုတ်ပြန်တဲ့ ကြေညာချက်လိုမျိုး ထုတ်လေ့ရှိပေမယ့် အခုတကြိမ်တော့ ဒါမျိုး တရားဝင်စာရွက်စာတမ်းနဲ့ ထုတ်ပြန်တာ မတွေ့ခဲ့ရဘူး၊ သူတို့ကိုလည်း အကြောင်းကြားတာ မရှိဘူးလို့ ဆိုပါတယ်။

ဒါဟာ မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုတဲ့ သဘောလို့ သူက ပြောပါတယ်။

ရခိုင်အကြံပေးအဖွဲ့ အတွင်းရေးမှူးဟောင်း ဝေဖန်ချက်ကို ဥက္ကဌ တုံ့ပြန်

မြန်မာအရေးအတွက် ကုလအတွင်းရေးမှူးချုပ် ခန့်ထားသူ ရောက်လာတော့မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဒုက္ခသည်တွေ လက်ခံရေး မြန်မာဘက်က အသင့်ပြင်ဆင်နေတယ်လို့ဆို

ဆွေးနွေးပွဲ အပြီး လုံခြုံရေး ကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ ဆွီဒင်နိုင်ငံ သံအမတ်ကြီးက သတင်းထောက်တွေကို ရှင်းလင်းပြောခဲ့ရာမှာ ကုလသမဂ္ဂနဲ့ မြန်မာ အစိုးရကြား လက်မှတ် ရေးထိုးထားခဲ့တဲ့ နားလည်မှုစာချွန်လွှာ MOU မှာ သဘောတူထားတဲ့ အချက်တွေ၊ ဒုက္ခသည်တွေ ပြန်ပို့ရေးဆိုင်ရာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကြား လက်မှတ်ထိုးထားတဲ့ MOU ပါ အချက်တွေ ကို အကောင်အထည်ဖော်နိုင်ရေး အတွက် ပိုမို ကြိုးပမ်းဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက ကိုယ်စားလှယ်တွေက မြန်မာအစိုးရကို တိုက်တွန်းဖို့ သဘောတူ ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းမှုတွေ အတွင်း လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အတွက် ပွင့်လင်းမြင်သာတဲ့ စုံစမ်းမှုတွေ လုပ်ဖို့ လည်း တိုက်တွန်း တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ အနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး အသင့်ဖြစ်နေပြီး စတင်လက်ခံနိုင်ဖို့က ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ဆောင်ရွက်မှုအပေါ် မူတည်နေတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂက တိုက်တွန်းနေတဲ့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း ရေးအတွက်လည်း ဆောင်ရွက်နေပြီဖြစ်ပြီး မကြာခင် ရက်ပိုင်းအတွင်းမှာ အမည်စာရင်း ကြေညာနိုင်လိမ့်မယ်လို့ ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ