မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့စ်ဘဇားမှာ လက်နက်စက်ရုံ ဝင်ဖမ်း

မြန်မာနယ်စပ်နဲ့ ကပ်ရပ်တည်ရှိတဲ့ ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇား ခရိုင် မောဟ်ချခါလီ လို့ ခေါ်တဲ့ မဟားဇိုးကျွန်းမှာ လက်နက်လုပ်တဲ့ စက်ရုံတရုံကို ဘင်္ဂလားဒေ့ရှ် မူခင်း နှိမ်နှင်းရေးတပ်ဖွဲ့က ရှာဖွေ ဖော်ထုတ်ဖမ်းဆီးရာမှာ ဒေသလုပ် သေနတ် အများ အပြားနဲ့ လူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီသေနတ်စက်ရုံကို သတင်းအရ ဝင်ရောက်စီးနင်း ရှာဖွေရာက ဒေသလုပ်သေနတ် ၂၂ လက်၊ သေနတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်း ကိရိယာတွေနဲ့ ကျည်ဆံ အများအပြားကို သေနတ် ရောင်းဝယ်ဖောက်ကားသူ ၂ ဦးနဲ့ အတူ ဖမ်းမိတာလို့ United News Bangladesh သတင်းဌာနက ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်က Rapid Action Battalion တပ်ဖွဲ့က ဝင်ရောက် စီးနင်းတာ ဖြစ်ပြီး ဖမ်းမိတဲ့လူ ၂ ဦးက လက်နက် စက်ရုံက ပညာရှင်တွေလို့ Asia Times သတင်းမှာ ဖော်ပြပါတယ်။

ဖမ်းမိတဲ့ နေရာဟာ ရခိုင်ကျေးရွာ တရွာဖြစ်တဲ့ မဟားဇိုးရွာကြီးကနေ ၄ မိုင်အကွာ လောက်မှာ ရှိပြီး အခု ဖမ်းမိတဲ့ လက်နက်တွေဟာ ဒေသလုပ် ပြောင်းရှည်၊ ပြောင်းတို၊ သေနတ်တွေပါဝင်သလို လူဆိုးဂိုဏ်းတွေကို ရောင်းချဖို့ ထုတ်လုပ်တာလို့ ဒေသခံ ရခိုင်တဦးက ဘီဘီစီကို ပြောပါတယ်။

ခုလို ဖမ်းဆီးနိုင်ခဲ့တာကြောင့် ဒေသခံ လူနည်းစုတွေ၊ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ အတွက် ကောင်းတယ် လို့ သူက ဆိုပါတယ်။

Image caption ဖမ်းဆီးရမိတဲ့လက်နက်များ

အခု ဖမ်းဆီးရမိတဲ့ ဒေသလုပ် သေနတ်တွေဟာ ဒေသအတွင်းက ဒုစရိုက် လောကမှာ အသုံးပြုဖို့လို့လည်း သတင်းတွေ ထွက်ပေါ်နေ ပါတယ်။

ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် ၂၀ ကျော်ဟာလည်း အသတ်ခံခဲ့ရတဲ့အကြောင်းနဲ့ ဒီလိုအသတ်ခံရ တာဟာ အကူအညီ တွေရရှိရေးနဲ့ ပတ်သက်ပြီး အငြင်းပွားမှု ကြောင့်လို့ ဆိုပေမယ့် တချို့က မြန်မာနိုင်ငံကို ပြန်လည် အခြေချ နေထိုင်ရေးနဲ့ ပတ်သက်မှု ရှိတယ်လို့ Asia Times သတင်းမှာ ဖော်ပြပါတယ်။

ဒါကြောင့်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ကော့စ်ဘဇားနယ်ထဲမှာ ရှိတဲ့ ဒုက္ခသည် စခန်း အနီးမှာ လက်သည်မပေါ်တဲ့ လူသတ်မှုတွေကြောင့် ရဲတပ်ဖွဲ့ ၂၀၀၀ ကျော် ချထားတယ်လို့လည်း ဆိုပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်စပ်ဟာ ကုန်းနဲ့ရော ရေနဲ့ပါ ထိစပ်နေတာ ကြောင့် လက်နက် မှောင်ခိုမှုတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးသန်း ရောင်းဝယ် မှုတွေ၊ ဓားပြနဲ့ လူကုန်ကူးမှုတွေ ထူပြောနေတဲ့ ဒေသတခု ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ