ဖားကန့် မြေပြိုမှု ပျောက်ဆုံးသူ ၂၇ ဦးအထိ တိုးလာ

ဖားကန့်၊ မြေပြို၊ ကျောက်စိမ်းတွင်း

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

မြေပြိုမှုတွေ ထပ်ဖြစ်မယ်လို့ စိုးရိမ်နေပေမယ့် ကျောက်တူးသမားတွေ ဆက်တူးနေကြဆဲ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုမှာ ဇူလိုင်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက် အခုအခါ ထပ်တိုးလာပြီး ခုချိန်ထိ အလောင်းတွေ ရှာမတွေ့သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဆိပ်မူကျေးရွာ အုပ်စု မမုံကျေးရွာနားက မြေစာပုံ ပြိုကျမှုအတွင်း ပျောက်ဆုံးနေသူပေါင်း ၂၇ ဦး ရှိတယ်လို့ လက်ရှိ လူပျောက် တိုင်ကြားမှု စာရင်းအရ သိရပါတယ်။

အခုအခါ မြေတူးစက်ကြီးတွေနဲ့ တူးဆွ ရှာဖွေနေပြီး အခင်း ဖြစ်ဖြစ်ချင်းတုန်းက မိုးအဆက်မပြတ် ရွာပြီး ရေတွေ တက်လာတဲ့အပြင် ရွှံ့ဗွက်တွေ နစ်နေတာကြောင့် စက်ယန္တရား မသုံးနိုင်ပဲ ကယ်ဆယ် ရှာဖွေရေးကို ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မိုးတွေ ဆက်ရွာရင် နောက်ထပ် မြေပြိုမှုတွေ ထပ်ဖြစ်လာနိုင်တယ် ဆိုပြီး စိုးရိမ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Anadolu Agency

ဓာတ်ပုံ ပုံစာ,

ဇူလိုင်လ ၁၄ရက်နေ့ က ဖြစ်ခဲ့တဲ့ မြေပြိုမှုအတွင်း အနည်းဆုံး လူ ၁၅ဦး သေဆုံးခဲ့

အခုလို မြေပြို လူသေမှုတွေ ဖြစ်ခဲ့ပေမယ့်လည်း မြေပြိုမှု ဖြစ်ခဲ့တဲ့ အနီးတဝိုက်က လွတ်မယ် ထင်တဲ့ နေရာတွေမှာ ကျောက်တူးသမားတွေက ကျောက်တွေ ဆက်တူးနေကြဆဲပဲလို့ ဒေသခံ ကျောက်တူးသမား တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အဲဒီ နေရာမှာ မြေစာပုံ ပြိုကျပြီး အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။